ကလေးမြို့နယ်၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခံရ၊ စစ်တပ် ရမ်းသန်းပစ်ခတ်သဖြင့် ပြည်သူ ၈ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဩဂုတ် ၂၆ ရက် မနက်ပိုင်းက အင်အား ၄၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့ကာ ၁၀ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ ကလေး PDF တာဝန်ခံက ပြောပါတယ်။
ကလေးမြို့တက္ကသိုလ်ဘက်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့ဘက်ကို ခြေကျင်လျှောက် ဆင်းနေတဲ့ အင်အား ၄၀ လောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို စက်မှုဇုန်တံတားအနီးမှာ PDF(Kalay) ရဲ့ မြို့ပြပြောက်ကျား စစ်ဆင်းရေးတပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့သလို အနီးနားမှာ အလုပ်လုပ်နေတဲ့ ပန်းရံလုပ်သား နှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ရာနေရာအနီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတယောက်လည်း မိုင်းထိမှန်ခဲ့ပြီး ဒီအတွက် အနူးအညွတ်တောင်းပန်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ လုံခြုံရေးအထူးသတိပြုကြဖို့၊ စစ်ကောင်စီတပ်တွေကို ဝေးဝေးရှောင်ဖို့ ကလေး PDF က မေတ္တာရပ်ခံထားပါတယ်။
ကလေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာအနီးမှာလည်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား အခုသီတင်းပတ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား ၃ ယောက် ကျဆုံးခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ ဒေသခံ PDF တာဝန်ခံက ပြောပါတယ်။
အဆိုပါတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်က ညပိုင်း ၈ နာရီဝန်းကျင်မှာ သံဖိုရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာသား ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တယောက် လည်ပင်း ထိခိုက်ခဲ့လို့ စိုးရိမ်ရတယ်လို့ People Health Organisation-Kalayရဲ့ တာဝန်ခံက ပြောပြပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူ ၈ ယောက်ကို ကလေးပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေပြီး သံဖိုကျေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာဒေသတွေမှာ တိမ်းရှောင်နေကြရပါတယ်။