close

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသာ မြန်မာနိုင်ငံသို့ သွားမည်ဟု ကုလအထူးကိုယ်စားလှယ်ပြော

မြန်မာစစ်ခေါင်းဆောင်နဲ့ ပြီးခဲ့တဲ့လက လာရောက်တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာက  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမှသာ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ်သွားရောက်မယ်လို့ ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၅ ရက်က ISEAS - Yusof Ishak Institute က စီစဉ်တဲ့ စင်္ကာပူနိုင်ငံက တွေ့ဆုံဆွေးနွေးပွဲတစ်ခုမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုလက်ရှိပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်လို့ရမလဲဆိုတာအတွက် ရှင်းလင်းသေချာတဲ့ လမ်းကြောင်းမရှိသလို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရပ်တည်ချက်တွေ ဆက်လက်ကွဲပြားနေဆဲဖြစ်ပြီး ပြင်ပနိုင်ငံတွေကနေ အတင်းအကျပ်ဖိအားပေးနေရုံနဲ့လည်း နိုင်ငံရေးပြဿနာပြေလည်သွားမှာ မဟုတ်ဘူးလို့ နိုလင်းဟေဇာက ပြောပါတယ်။

ပြီးခဲ့တဲ့လက စစ်ခေါင်းဆောင်အပါအဝင် တခြားစစ်တပ်ကအရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံချိန်မှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ သေဒဏ်စီရင်တာတွေကိုရပ်တန့်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေရေးထိုင်ရေးအတွက် စိုးရိမ်မိကြောင်းလည်း ပြောခဲ့ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့  နောက်ဆုံးကျရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဖြစ်နိုင်ခြေရှိပါတယ်ဆိုတဲ့ စကားကိုလည်းပြောခဲ့တယ်လို့ နိုလင်းဟေဇာက ပြောပါတယ်။

အခုချိန်ထိတော့ မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်ဧည့်သည်နဲ့မှတွေ့ခွင့်မပေးဘဲ နေပြည်တော်အကျဉ်းထောင်ရှိ သီးခြားနေရာမှာ အကျဉ်းချထားတာဖြစ်ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကလည်း ပြစ်ဒဏ်ချမှတ်ထားသူတွေကို အာဏာပိုင်တွေက ဘယ်ဧည့်သည်နဲ့မှ တွေ့ခွင့်ပေးမှာမဟုတ်ဘူးလို့လည်းပြောတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Photo- ISEAS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up