ပါကစ္စတန်တွင် နှစ်လကျော်ကြာ ရေကြီးရေလျှံပြီးနောက် စားနပ်ရိက္ခာပြတ်လပ်မှု ရင်ဆိုင်နေရ

ပါကစ္စတန်နိုင်ငံမှာ နှစ်လကျော်ကြာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးနောက် စားနပ်ရိက္ခာ ပြတ်လပ်မှုကို ရင်ဆိုင်နေရရုံသာမက ငတ်မွတ်ခေါင်းပါးမှုနဲ့ ကူးစက်ရောဂါတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
အခုချိန်အထိ ရေကြီးမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁,၃၂၅ ဦးရှိကြောင်း ပါကစ္စတန် အမျိုးသားရောဂါစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ရေကြီးရေလျှံမှုကြောင့် လူပေါင်း သိန်းနဲ့ချီ အိုးအိမ်ဆုံးရှုံးခဲ့ရတာကြောင့် သဘာဝဘေးကယ်ဆယ်ရေးအတွက် အဓိကအခက်အခဲတခုက ခိုနားစရာ အမိုးအကာဖြစ်တယ်လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။
ပါကစ္စတန်ဟာ ရွက်ဖျင်တဲတွေ၊ စားနပ်ရိက္ခာနဲ့ သောက်ရေ စတဲ့ အကူအညီတွေ အလွန်လိုအပ်နေတာပါ။ ပါကစ္စတန် ကျန်းမာရေးဌာနရဲ့ အဆိုအရ ရေလွှမ်းခဲ့တဲ့ဒေသတွေဟာ အခုဆို ဝမ်းလျှောခြင်း၊ ငှက်ဖျားရောဂါ၊ အရေပြားပိုးဝင်ခြင်းနဲ့ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ မြင့်မားလာနေတဲ့ ဒေသတွေ ဖြစ်လာနေပါတယ်။
အဆိုးရွားဆုံးသော ဆင်းန်ဒ်ပြည်နယ်မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါ ကူးစက်ခံရသူ ၁ သောင်းကျော်ရှိကြောင်း နေ့စဉ်အစီရင်ခံနေပါတယ်။
အခုလကစပြီး ပါကစ္စတန်နိုင်ငံဟာ ရေဘေးသင့် ပြည်သူတွေအတွက် ဆေးဝါးတွေ အခမဲ့ ဖြည့်ဆည်းပေးဖို့အတွက် ရေဘေးဒဏ် အပြင်းအထန် ကြုံခဲ့ရတဲ့ ဘာလိုချစ်စ်တန်၊ ခိုင်ဘာ ပါ့ရှ်တွံန်ခွာနဲ့ ဆင်းန်ဒ်ပြည်နယ်တွေမှာ ဆေးဘက်ဆိုင်ရာ စခန်းပေါင်း ၁၂၀၀ ကျော်ကို တည်ထောင်ပေးမှာဖြစ်ကြောင်း ပါကစ္စတန် ကျန်းမာရေးဌာနကနေ သိရပါတယ်။