close

တောင်ကုတ်မြို့တွင် ဆရာဝန် ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က သွားဆရာဝန်တယောက်ကို စက်တင်ဘာ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားကြတယ်လို့ မျက်မြင်တယောက်က ‌ပြောပါတယ်။

ဖမ်းဆီးခံလိုက်တဲ့ ဆရာဝန်မှာ အသက် ၄၂ နှစ်အရွယ် ဒေါက်တာ ကျော်သူရထွန်းဖြစ်ပြီး ဇနီးဖြစ်သူကို ဆေးရုံပို့ပြီးအပြန် ခမရ ၅၄၄ တပ်ရင်းအနီး တပ်ရှောင်လမ်းမှာ အရပ်ဝတ်နဲ့ လူခြောက်ယောက်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“ဒေါက်တာက သူ့ရဲဇနီးကို ဆေးရုံကိုပို့နေကျဖြစ်တယ်။ သူ့ရဲ့ဇနီးက တောင်ကုတ်ဆေးရုံက သူနာပြုဆရာမ ဖြစ်တယ်။ မနေ့ကလည်း သူက ဇနီးသည်ကို ဆေးရုံပို့ပြီးအပြန်မှာ Mask တပ်ထားတဲ့ လူခြောက်ယောက်က သူ့ရဲ့ကားကို တားပြီးတော့ သုံးယောက်က ကားပေါ်တက်ပြီးတော့ တပ်ရှောင်လမ်းအတိုင်း ခမရ ၅၄၄ တပ်ရင်းဘက် မောင်းသွားကြတယ်။ နောက် သုံးယောက်ကတော့ ဆိုင်ကယ်စီးပြီး လိုက်သွားကြတယ်။ ဖမ်းသွားတဲ့သူတွေက စစ်သားတွေနဲ့တူတယ်။ စစ်တပ်ဘက်ကိုလည်း ခေါ်သွားကြတယ်။”

ဒေါက်တာ ကျော်သူရထွန်းဟာ သွားဆရာဝန်တယောက်ဖြစ်ပြီး အစိုးရဝန်ထမ်းမလုပ်ဘဲ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ တောင်ကုတ်မြို့အတွင်း လူမှုရေးလုပ်ဆောင်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဒေါက်တာ ကျော်သူရထွန်းကို ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိရသလို နိုင်ငံရေးနဲ့ ဆက်စပ်နေတာလည်း မရှိဘူးလို့ မိသားစုဝင်တယောက်က ပြောပါတယ်။

“သူ့ကိုဖမ်းတယ်ဆိုရင်လည်း ဘာကြောင့်ဖမ်းတယ် ဆိုတာ‌တော့ သိချင်တယ်။ အခုက ဘာကြောင့်ဖမ်းတယ် ဆိုတာလည်း မသိရဘူး။ သူက နိုင်ငံရေးလည်း လုပ်နေတာမဟုတ်ဘူး။ အဖမ်းခံထားရတယ်ဆိုတော့ သူ့ကို ရိုက်နှက်ပြီး နှိပ်စက်နေမလားဆိုပြီးတော့ စိုးရိမ်မှုတွေ ရှိတယ်။ သူ့မှာ အပြစ်မရှိတာကြောင့် ပြန်ပြီးတာ့ လွှတ်ပေးစေချင်တယ်။”

ဒေါက်တာ ကျော်သူရထွန်းဟာ စစ်တွေ ဇာတိဖြစ်ကာ တောင်ကုတ်မြို့မှာ အိမ်ထောင်ကျနေတာ ၇ နှစ်ခန့်ရှိနေပြီလို့ သိရပါတယ်။

လက်ရှိမှာ ဒေါက်တာ ကျော်သူရထွန်း ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး တောင်ကုတ်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မြောက်ဦး​မြို့ပေါ်က ရက်ပ်အဆိုတော် ဆယ်လီတယောက်ကို စင်တင်ဘာ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၆ ရက်နေ့ထုတ် စစ်ကောင်စီပိုင် သတင်းစာကတဆင့် NUG၊ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အမှုဖွင့်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up