မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားတဦး ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးခံရ


အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ စက်တင်ဘာ ၁၂ ရက်နေ့ညက မြန်မာနိုင်ငံသားတဦးကို ဘိန်းဖြူတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မီဇိုးလူငယ်အသင်း (YMA) မှ မကြာသေးခင်က ဖွဲ့စည်း လိုက်တဲ့ Central Anti Drugs Squad(CADC) အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ ဒေသခံရဲစခန်းမှ ရဲတပ်ဖွဲ့ဟာ ဇောင်းသွီရပ်ကွက်က အိမ်တအိမ်ကို ညသန်းခေါင်ယံ ဝင်ရောက်ရှာဖွေရာမှ မြန်မာနိုင်ငံသား တဦးဆီကနေ ရူပီးငွေ သိန်း ၁၀၀ ဖိုးလောက်တန်ဖိုးရှိ ဘိန်းဖြူ ၂၀၅ ဂရမ် ဖမ်းဆီးရမိခဲ့တာလို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံမြန်မာနိုင်ငံသားကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားတဦးအား ဘိန်းဖြူတွေနဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။
မြန်မာပြည်ကနေ မီဇိုရမ်ပြည်နယ်မှာ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ PDF-Zoland က ဩဂုတ် ၂၆ ရက်နေ့က သတိပေးထုတ်ပြန်ထားပါတယ်။
အရင်ကလည်း ဒေသတွင်းတောင်လှန်ရေးတပ်ဖွဲ့တွေက စုပေါင်းပြီး သတိပေးစာထုတ်ပြန်ပေမယ့် မြန်မာပြည်ဘက်ကနေ မီဇိုရမ်ဘက်ကို မူးယစ်ဆေးဝါးရောင်းချမှု လျော့ပါးလာခြင်းမရှိသေးပါဘူး။
မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေ အမြောက်အမြား နေထိုင်နေထိုင်ကြတဲ့ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု ဆက်လက်မြင့်တက်နေပြီး အထူးသဖြင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဆီကနေ ဘိန်းဖြူအများဆုံး ဖမ်းဆီးရမိနေတယ်လို့ သိရပါတယ်။