close

မူဆယ် KBZ ဘဏ်ခွဲတွင် ပစ်ခတ်မှုဖြစ်ပြီး ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် သိန်းသန်းချီအဝေးပြေးကားဝင်းထဲက ကမ္ဘောဇဘဏ်ခွဲ  (၃) မှာ စက်တင်ဘာ ၁၃ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရ သွားပါတယ်။

သေနတ်ထိမှန်ခံရသူတွေထဲမှာ  ဘဏ်လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတချို့ပါဝင်ပြီး  ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ  ၁ ဦး ကတော့ ပရဟိအဖွဲ့က ဆေးရုံကို ပို့ပေးလိုက်တယ်လို့  မူဆယ်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“မိတ်ဆွေတွေပြောတာကတော့ မွန်းလွဲ ၁၂  နာရီကျော်လောက်မှာ သေနတ်သမားက ကားနဲ့လာပစ်သွားတယ်လို့ ပြောပါတယ်။ ဘဏ်အစောင့်လုပ်နေတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်၂ ယောက်ရယ်၊ ငွေလာထုတ်သူရယ်၊ ဘဏ်ရှေ့မှာကွမ်းယာရောင်းနေတဲ့လူ ၁ ယောက်ထိ တယ်ပြောတယ်။ ပြည်သူ့စစ် ၂ ယောက်လုံး ပွဲချင်းပြီးသေတယ်လို့လည်း ပြောပါတယ်။  ဆေးရုံ ရောက်သွားတဲ့တယောက်ကတော့ ဘယ်သူလဲမသိရဘူး။”

သေဆုံးသူ ၃ ဦးဟာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သတင်းထွက်နေတာရှိသလို တဦးက အရပ်သားဖြစ်တယ်လို့ ဒေသခံတွေကပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

အဆိုပါပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူကမှ ထုတ်ဖော်ကြေညာတာမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မူဆယ်မှာ ပြည်သူ့စစ်အဖွဲ့အ မျိုးမျိုးရှိပြီး သူတို့ချင်းကြားမှာလည်း ရန်ငြိုးရန်စတွေနဲ့ မကြာခဏ သေနတ်နဲ့ပစ်ခတ်ဖြေရှင်းလေ့ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

Photo -Nang Mway Kham

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up