close

ထိုင်းနိုင်ငံတွင် ရေဘေးသင့်ပြည်သူ ၁ သိန်းကျော်ရှိလာ

ထိုင်းနိုင်ငံမှာ ၁၀ ရက်အတွင်း မိုးဆက်တိုက်ရွာတာ၊ ဆည်ရေဖောက်ထုတ်တာတွေကြောင့် ခရိုင် ၃၂ ခုမှာ ရေကြီးရေလျှံပြီး  ရေဘေးသင့်ပြည်သူ ၁ သိန်းကျော်အထိရှိလာပါတယ်။ 

ထိုင်းပြည်ထဲရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနဲ့ကယ်ဆယ်ရေးဌာနရဲ့ ဒီမနက် ၁၁ နာရီထုတ်ပြန်ချက်အရ   စက်တင်ဘာ ၄ ရက်ကနေ ဒီနေ့ စက်တင်ဘာ ၁၄ ရက်အထိ ၁၀ ရက်အတွင်း ခရိုင်ပေါင်း ၃၂ ခုထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာပါ။

မိုးရွာသွန်းမှုကြောင့် မြို့နယ်ပေါင်း ၈၇ မြို့နယ် ၊ အုပ်စု/နယ်မြေ ၁၈၆ ခု ၊ ရပ်ကွက်/ကျေးရွာပေါင်း ၇၄၁ ခုထဲမှာ  ရေကြီးတာ၊ တောင်ကျချောင်းရေလျှံတာ၊ ဆည်ရေလျှံတာတွေ ဖြစ်ပွါးပြီး လူပေါင်း ၁၁၆၈၃၃ ဦး ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီကနေ့မှာ ခရိုင်အချို့ရေပြန်ကျသွားပေမဲ့  လမ်းပွန်း ၊ လမ်းပန်း ၊ ဖယောဝ်း၊ တာ့ခ် ၊ နောင်ဘိုလမ်းဖူး ၊ ခွန်ကဲန် ၊ လွေး ၊ ကားလားဆင် ၊ ပထုန်ဌာနီ၊ စမွတ်ပရကန်၊ ဆရကျောက် ၊ လယောင်း၊ ချွန်းပူးရီး နဲ့ ကျန်ထပူရီ ခရိုင်တွေမှာ ရေတွေဝပ်နေသေးတယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၄ ရက် ဒီကနေ့မှာ ဥဘွန်းရာ့ချ်ဌာနီ၊ အယုဒ္ဓယ၊ အန်ထောင်း ၊ ပထုန်ဌာနီစတဲ့ ခရိုင် ၄ ခုရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်၊ အုပ်စု/နယ်မြေ ၁၁၂ ခု ၊ ရပ်ကွက်/ကျေးရွာ ၆၀၆ ခုမှာတော့ ရေကြီးနေဆဲလို့ ဆိုပါတယ်။

ရေဘေးသင့်ပြည်သူတွေကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေက အချိန်နဲ့တပြေးညီ ကူညီ ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပြီး ရေဘေးကြုံလို့ အခက်အခဲဖြစ်နေတယ်ဆိုရင် အရေးပေါ် ဖုံးနံပါတ် ၁၇၈၄ ကို ၂၄ နာရီ အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမိုးလေဝသဌာနရဲ့ ဒီကနေ့မနက် ၆ နာရီထုတ်ပြန်ချက်အရ လာမယ့် ၂၄ နာရီအတွင်း ဘန်ကောက်နဲ့ အနီးတဝိုက်ဒေသ ၇၀ ရာခိုင်နှုန်းမှာလည်းကောင်း၊ ထိုင်းမြောက်ပိုင်း၊ အရှေ့ မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းခရိုင်တချို့မှာ မိုးဆက်လက်ရွာ သွန်းနိုင်ပြီး ပင်လယ်ပြင်မှာ လှိုင်းတွေဟာ အမြင့် ၁ မီတာမှ ၂ မီတာထိ မြင့်တက်လာနိုင်ခန့်မှန်းထားပါတယ်။ 

ဘန်ကောက်ခရိုင်တွင်း တုဆစ်၊ နောင်ကျောက်၊ မိင်ဘူရီ၊ လတ်ကရဘန်း၊ ဖယားထိုင်း၊ ဘန်ဖလတ်၊ ဘန်ဆိ၊ ကျဒူးကျတ်နဲ့ ရာ့ချ်ဒေဝီစတဲ့ နယ်မြေ ၉ ခုမှာ ၂၄ နာရီအတွင်း မိုးသည်းထန်နိုင်ပြီး ရေကြီးမယ်အခြေအနေကြိုတင်ကာကွယ်ထားဖို့  ဘန်ကောက်မိုးလေဝသဌာနခွဲကလည်း ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up