အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းတွင် ရက်ရှ်ဖို့ဒ်နှင့် ဆန်ချိုတို့ ချန်လှပ်ခံရ

အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်း ထုတ်ပြန်ခဲ့ရာမှာ မန်ယူနောက်ခံလူ မက်ဂွဲယားပါဝင်လာခဲ့ ပေမဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ ချန်လှပ်ခံခဲ့ရပါတယ်။
နည်းပြဆောက်ဂိတ်ဟာ အီတလီ၊ ဂျာမနီအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမယ့် လက်ရွေးစင်အသင်းကို ကစားသမား ၂၈ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။
နည်းပြဆောက်ဂိတ်ဟာ ခြေစွမ်းကျဆင်းလို့ ဝေဖန်ခံနေရတဲ့ နောက်ခံလူ မက်ဂွဲယားကို ထပ်မံရွေးချယ်ခဲ့လို့ ပရိသတ်တွေကဝေဖန်ပါတယ်။
ဒါပေမဲ့ခြေစွမ်းပြနေတဲ့ ဂျေဒန်ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်ကိုတော့ ချန်လှပ်ခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ကတော့ ဒဏ်ရာပြဿနာရှိတဲ့အတွက်ဖြစ်ပြီး သူဟာ ထိပ်တန်းအဆင့် ခြေစွမ်းပြသနိုင်ဆဲဖြစ်ကြောင်း နည်းပြဆောက်ဂိတ်ကပြောပါတယ်။
နည်းပြဆောက်ဂိတ်ဟာ စပါးနောက်ခံလူ အဲရစ်ဒိုင်ယာ၊ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးတို့ကို ရွေးချယ်ခဲ့ပြီး ချဲလ်ဆီးကွင်းလယ်လူ ဂေါ်လဂါ၊ အာဆင်နယ်နောက်ခံလူ ဘန်ဝိူက်နဲ့ လက်စတာက ဂျက်စတင်တို့ကိုတော့ ချန်လှပ်ခဲ့ပါတယ်။
ပွဲထွက်ခွင့်နည်းပါးနေတဲ့မန်စီးတီးက ဂျက်ဂရေးလစ်ချ်နဲ့ ကယ်ဗင်ဖိလစ်၊ မန်ယူ ဘယ်နောက်ခံလူ လုခ်ရှောတို့ကို ရွေးချယ်ခဲ့တဲ့အပေါ်မှာတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။