close

ညောင်လေးပင်ခရိုင်တွင်းရှိ ကျေးရွာနေပြည်သူများကို စစ်တပ်က အဓမ္မပြောင်းရွှေ့ခိုင်း

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်၊ နိုကူကျေးရွာအတွင်းက ဒေသခံပြည်သူတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက ကျေးရွာအတွင်းကနေ အတင်းအဓမ္မမောင်းထုတ်ပြီး ပြန်လည်နေထိုင်သူတွေကို ပစ်ခတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၃ ရက် ညနေ ၃ နာရီလောက်မှာ နိုကူကျေးရွာက အိမ်ခြေ ၁၆၇ လုံး၊ လူဦးရေ ၉၄၅ ‌ေယာက်ကို သေခေးမယ် (နိုကူကျေးရွာ) တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အတင်းအဓမ္မ မောင်းထုတ်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။

ရွှေ့ပြောင်းသွားလာဖို့အတွက် နိုကူ-ကျောက်ကြီး ကားလမ်းမကို စစ်ကောင်စီတပ်တွေက ဖွင့်လှစ်ပေးထားပြီး ကျန်လမ်းအားလုံးကို အသုံးမပြုနိုင်အောင် ပိတ်ဆို့တားဆီးထားပါတယ်။

နိုကူကျေးရွာက ဒေသခံပြည်သူတွေဟာ ဆိပ်ကြီးတပ်စခန်းကို ဖြတ်သန်းသွားလာရာမှာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ဒေသခံပြည်သူတွေရဲ့ ဖုန်း ၃၆ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတင်းအဓမ္မ သိမ်းယူခဲ့ပါတယ်။

စစ်ကောင်စီက လက်နက်ကိုင်တော်လှန်ရေး အင်အားချည့်နဲ့အောင် လူထုကို ညှဉ်းဆဲနေတာဖြစ်လို့ ကေအန်ယူအနေနဲ့ ဗျူဟာအခင်းအကျင်းတွေ ပြန်လည်လုပ်ဆောင်ပြီး ပြန်လည်တုံ့ပြန်နိုင်ဖို့ လိုတယ်လို့ ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

“လူထုကိုညှဉ်းဆဲနိုင်မှ တော်လှန်ရေးသမားတွေကို ဖိနှိပ်နိုင်မယ့် ဒီအမြင် သူတို့မှာရှိတယ်။ အဲဒါကို ပြန်လည်တုံ့ပြန်ဖို့က ကျနော်တို့ဗျူဟာကို ပြန်လည်အခင်းအကျင်း လုပ်ရမယ်။ ကျနော်တို့ ဘာမှမလုပ်ရင် လူထုနာမှာ။ ဒါတွေက သူတို့(စစ်တပ်) တောက်လျှောက်လုပ်လာတဲ့ လုပ်ထုံးလုပ်နည်းတွေ။”

အလားတူ စက်တင်ဘာ ၁၁ ရက်က မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်း တမာခေါကျေးရွာနဲ့ တောင်စုကျေးရွာက ရပ်မိရပ်ဖတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးဇေယျာလင်းက ဒေသခံပြည်သူတွေကို ကျေးရွာအတွင်းကနေ ထွက်ခွာဖို့နဲ့ မထွက်ခွာရင် ကျေးရွာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့မှာ တမာခေါကျေးရွာက အိမ်ခြေ ၆၁ လုံး၊ လူဦးရေ ၃၃၄ ယောက်ဟာ စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်တာကို ကြောက်ရွံ့ထိတ်လန့်ပြီး စစ်တောင်းမြစ် အနောက်ဘက်ကမ်း၊ နိုဘိုးခီးကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို ရွာလုံးကျွတ် ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၂ ရက် ညနေ ၅ နာရီခွဲလောက်က အောလောစီအခြေစိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက တခေါ့ပွာကျေးရွာသား စောရော်ဘင်ထူး နေအိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေကို အစာပြန်လာကျွေးချိန် မြင်တွေ့သွားပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် လည်ပင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၆,၀၀၀ ကျော် ရှိခဲ့ရာက စက်တင်ဘာ ၁ ရက်ကစပြီး ၁၄ ရက်နေ့အထိ စစ်ဘေးရှောင်ပြည်သူ ၁၇,၅၀၄ ယောက်အထိ ထပ်တိုးလာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လအထိ မုန်းမြို့နယ်အတွင်း စစ်ဘေးရှောင်ကျေးရွာအုပ်စု ၁၇ အုပ်စု၊ ကျေးရွာ ၄၆ ရွာ၊ အိမ်ခြေ ၂,၁၁၆ လုံး၊ လူဦးရေ ၁၂,၀၀၀ ကျော် ရှိခဲ့ရာက ဩဂုတ်လနဲ့ စက်တင်ဘာ ၁၃ ရက်နေ့အထိ စစ်ဘေးရှောင်ကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၁,၁၂၀ လုံး၊ လူဦးရေ ၆,၂၁၆ ယောက် ထပ်မံတိုးလာခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up