close

ဂန့်ဂေါ လယ်မရွာ ‌နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ မြိုင်တိုက်ပွဲတွင် ရဲ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာက လူနေအိမ်တွေကို စက်တင်ဘာ ၁၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ လယ်မကျေးရွာမှာ လူနေအိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၁,၀၀၀ ကျော် နေထိုင်ကာ လက်ရှိမှာ ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“လူနေအိမ်ကတော့ ၁၆ လုံး မီးရှို့ခံရတာပါ။ ယာတဲက ၅ လုံးလောက်ရှိတယ်။ ဘာကြောင့်ရှို့တယ် ဆိုတာတော့ မသိဘူးဗျ။ အရင်က မီးရှို့ခံရတဲ့ဖြစ်စဉ်တော့ မရှိသေးဘူး။ အခုက ပထမဆုံးအကြိမ် မီးရှို့ခံရတာပေါ့လေ။”

အဆိုပါ စစ်ကောင်စီတပ်ဟာ ဂန့်‌ေဂါမြို့‌ပေါ် ခလရ ၅၀ က စစ်ကောင်စီတပ်ဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ ဂန့်ဂေါနယ်က ကျေးရွာတွေကို စစ်ကြောင်းထိုး ထိုးစစ်ဆင်နေကာ ဒေသခံကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေကြတာပါ။

စက်တင်ဘာ ၁၂ ရက်ကလည်း အဲ့ဒီစစ်သား‌တွေ မီးရှို့လို့ လာပို့ရွာနဲ့ ရွာစည်ရွာတို့မှာ လူနေအိမ် ၁၅ လုံးခန့် ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြင်းဇာရွာက နေအိမ် ၂၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြိုင်မြို့နယ်မှာ စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းက ရေနံမြေရဲကင်းစခန်းက ကင်းပတ်ထွက်လာတဲ့ ရဲတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ ရဲတယောက်သေဆုံးကာ တယောက်ဒဏ်ရာရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ MVRF ကနေ သိရပါတယ်။

ကျောက်ခွက် Well 2 ရေနံမြေရဲကင်းစခန်းက ကင်းပတ်ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို စက်တင်ဘာ ၁၄ ရက် မနက် ၁၁ နာရီလောက်မှာ ပခုက္ကူခရိုင် တပ်ရင်း-၆ MVRF နဲ့ Eagle Fighter တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ရဲ ၁ ယောက်သေဆုံးကာ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ MVRF ခေါင်းဆောင် ဦးအောင်ဇေယျက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီရဲ(...)တွေဟာ ကြောက်ကြောက်လန့်လန့်နဲ့ ရဲကင်းစခန်းဘက်ကို ပြန်ဝင်ပြေးသွားတယ်။ တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ရဲကတော့ လ/၂၇၉၀၂၃ ရဲတပ်သား ရှင်းခန့်သူဖြစ်ပြီး သူ့ဆီကနေ G3 သေနတ်တလက်၊ ကျည်ဆန် ၁၁၅ တောင့်၊ ကျည်ဘောက်အပိုတခုနဲ့ ငွေကျပ် ၁ သိန်းကျော် သိန်းဆည်းနိုင်ခဲ့တယ်။”

အဲဒီတိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ရင်းနဲ့ MVRF ရဲဘော်တယောက် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာအခြေနေကတော့ မစိုးရိမ်ရဘူးလို့ ဦးအောင်ဇေယျက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ရဲတွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up