close

အာမေးနီးယား-အဇာဘိုင်ဂျန် အပစ်အခတ်ရပ်စဲရေးကြေညာချက် ကုလကြိုဆို

ဆိုဗီယက်နိုင်ငံဟောင်းတွေအကြား နာဂေါနို-ကာရာဘက် နယ်မြေအရေး ဆယ်စုနှစ်ချီ အငြင်းပွားမှုတွေနဲ့ ဆက်စပ်တဲ့ ၂ ရက်ကြာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်တာကို ကုလသမဂ္ဂက စက်တင်ဘာ ၁၅ ရက်မှာ ကြိုဆိုလိုက်ပါတယ်။

တဖက်နဲ့တဖက် အပြစ်တင်နေခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်သား ၁၇၀ ကျော် သေဆုံးခဲ့ပါတယ်။

၄၈ နာရီနီးပါးကြာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၄ ရက် နှောင်းပိုင်းမှာ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြောင်း အာမေးနီးယန်း အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးကို မကြေညာခင်က အာမေးနီးယားဝန်ကြီးချုပ် နိကိုလ် ပါရှင်ယန်က အဇာဘိုင်ဂျန် တပ်ဖွဲ့တွေဟာ အငြင်းပွားနေတဲ့ နာဂေါနို-ကာရာဘက် ဒေသထက် ကျော်လွန်တဲ့ ပိုင်နက်နယ်မြေတလျှောက်ရှိ အာမေးနီးယန်း အခြေချနေထိုင်ရာ အများအပြားကို တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ကြောင်း ပြောကြားပါတယ်။

ဒါဟာ ရန်စမှုတွေကို အာမေးနီးယန်းဘက်က တုံ့ပြန်တာဖြစ်ကြောင်း ဘာကူအစိုးရက ပြောကြားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေက အဇာဘိုင်ဂျန်ရဲ့ အဓိက ကျောထောက်နောက်ခံ တူရကီနဲ့ အာမေးနီးယားရဲ့ မဟာမိတ် ရုရှားတို့ကို ပထဝီနိုင်ငံရေးအရ တင်းမာမှုတွေ မြင့်မားနေချိန်မှာ ပိုကျယ်ပြန့်တဲ့ ပဋိပက္ခထဲ ဆွဲချလာမယ့်အရေးလည်း ခြိမ်းခြောက်နေတာပါ။

အာမေးနီးယားနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ရှိပြီး နိုင်ငံအတွင်း စစ်အခြေစိုက်စခန်းတခု ထားရှိတဲ့အပြင် အဇာဘိုင်ဂျန်နဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးအတွက် ကြိုးပမ်းနေတဲ့ မော်စကိုက အပစ်ရပ် သဘောတူညီချက်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ဖြစ်ပွားခဲ့တဲ့ ဒေသတွင်း စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲမှန်သမျှကို နောက်ပြန်ဆုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ရုရှားက ကြာသပတေးနေ့မှာ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up