close

မတ္တရာမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ညဘက်ခရီးမသွားရန် ABRFတပ်ဖွဲ့က အသိပေးထုတ်ပြန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း ပြည်သူလူထုတွေ ခရီးသွားလာခြင်း မပြုကြဖို့  ဒေသခံတော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့  Ayawaddy Brothers Revolution Force Madaya (ABRF) က စက်တင်ဘာ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

အများပြည်သူ အေးချမ်းစွာနေထိုင်နိုင်ဖို့နဲ့ လုံခြုံရေးအရ ဧရာဝတီမြစ်ရိုးတလျောက် လုပ်ကိုင်စားသောက်နေတဲ့ ခရီးသွားစက်လှေ၊ မော်တော်၊ ရေလုပ်သားတွေကို အသိပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ရိုးတလျောက်ရှိ ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့  စစ်ကောင်စီတပ်တွေ ဝင်ရောက် လာပါက နီးကပ်စွာ နေထိုင်တာတွေ မလုပ်ဖို့လည်း (ABRF) က အသိပေးထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေကို လိုရာခရီးသွားဖို့ စက်လှေ၊ မော်တော်တွေအနေနဲ့ လိုက်ပို့တာတွေ  မလုပ်ဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကူးတို့စက်လှေပိုင်ရှင် တဦးက “စက်လှေကြီးတွေတော့ လိုက်ပို့ခိုင်းတာ ရိက္ခာတင်ခိုင်းတာတွေ ရှိနိုင်တယ်။ ကျနော်တို့ကတော့ စက်လှေအသေးတွေဆိုတော့ သူတို့ သုံးမှာ မဟုတ်ဘူး။ စစ်တပ်ကလည်း လက်နက်နဲ့ဆိုတော့ ကြောက်ပြီး မပို့ချင်လည်း ပို့ရတာရှိမှာပဲ။ ထုတ်ပြန်ချက်မှာပါတဲ့ တာဝန်မယူဘူးဆိုတဲ့သဘောက အဲဒီလို သယ်ပို့နေတဲ့အချိန် ပစ်တာခတ်တာကြောင့် ထိခိုက်မိတာကို ဆိုလိုတဲ့ ပုံစံပါ” လို့ ပြောပါတယ်။

ထုတ်ပြန်တာတွေမလိုက်နာပါက  တာဝန်ယူမှာ မဟုတ်ဘူးလို့ Ayawaddy Brothers Revolution Force Madaya (ABRF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up