မတ္တရာတိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများ၊ ဆီမီးခုံပြည်သူ ၅ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာ ၁၂ ရက် မနက် ၉ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ယောက်လောက် သေဆုံးပြီး ၁၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ Tiger King ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မတ္တရာမြို့နယ် ရှင်လှ၊ အေးကျွန်း၊ ရေလယ်ကျွန်းရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။
နာရီဝက်အကြာတိုက်ပွဲအတွင်း Tiger King တပ်ရင်း ၁၅ က အဝေးပစ် လက်နက်ကြီးနဲ့ ၁၂ ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Tiger King) နဲ့အတူ တပ်ရင်း ၂၊ တပ်ရင်း ၁၇ (ဒေါင်းစစ်သည်)၊ တပ်ရင်း ၁၈၊ ဧရာဝတီညီအကို မတ္တရာအဖွဲ့၊ GZ Special Task Force၊ ဒေါင်းနီအဖွဲ့၊ စစ်ကိုင်းတပ်ရင်း ၂ တပ်ခွဲ ၁၊ G Fatt အဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
မြင်းခြံမြို့နယ် ဆီမီးခုံမြို့မှာ စစ်တင်ဘာ ၁၁ ရက် မနက် ၁ နာရီလောက်မှာ စစ်ကောင်စီက ရွာသားတချို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “မနက်အစောကြီး ရွာထဲဝင်ဆွဲကြတာ၊ ရွာသား ၅ ယောက် ပါသွားတယ်ကြားတယ်” လို့ ပြောပါတယ်။
မြင်းခြံမှာ စက်တင်ဘာ ၁၀ ရက် ညနေက ဗိုလ်ကြီးတယောက်နဲ့ တပ်သားတေယာက် အသတ်ခံရပြီးနောက် ဆီမီးခုံမှာ စစ်ကောင်စီက အခုလို ဝင်ရောက်ဖမ်းဆီးတာလို့ ဆိုပါတယ်။
မြင်းခြံမြို့နယ် ကြည်ရွာမှာ တပ်စွဲထားတဲ့တပ်က ဗိုလ်ကြီးအောင်ကိုကိုနဲ့ တပ်သားတယောက်ဟာ စက်တင်ဘာ ၁၀ ရက် ညနေ ၅ နာရီက ဆီမီးခုံ လောင်းကစားဝိုင်းကနေ တပ်စခန်းရှိတဲ့ ကြည်ရွာကိုအပြန် လမ်းမှာတိုက်ခိုက်ခံရပြီး သေဆုံးသွားတာလို့ မြို့ခံတွေက ပြောပါတယ်။
မြင်းခြံခရိုင်မှာ စစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲကျော်ကာလအတွင်း လောင်းကစားဝိုင်းတွေ အားကောင်းလာသလို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ အသတ်ခံရတာတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။