ရှုံးပွဲဆက်ပြီးနောက် နည်းပြရော်ဂျာကို ထုတ်ပယ်ရန် လက်စတာပရိသတ်များတောင်းဆို

လက်စတာအသင်းဟာ ရှုံးပွဲဆက်ခဲ့တဲ့နောက်မှာ နည်းပြဘရန်ဒန်ရော်ဂျာကို ထုတ်ပယ်ဖို့ပရိသတ် တွေက တောင်းဆိုနေကြပါတယ်။
လက်စတာအသင်းဟာ မနေ့ညကပွဲစဉ်မှာ စပါးအသင်းကို ၆ ဂိုး ၂ဂိုးနဲ့ရှုံးနိမ့်ခဲ့ရပြီး ၇ ပွဲကစား၊ ၆ ပွဲရှုံး ၁ပွဲသရေရလဒ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်ခဲ့တာပါ။
အဲဒီပွဲစဉ်အပြီးမှာတော့ နည်းပြအပြောင်းအလဲပြုလုပ်ဖို့ လက်စတာပရိသတ်တွေက အလိုရှိခဲ့ကြတာပါ။
လက်စတာပရိသတ်တစ်ဦးကတော့ နည်းပြရော်ဂျာအနေနဲ့ ၆ ပွဲရှုံးနိမ့်ခဲ့ပြီးနောက်မှာ ရလဒ်ကောင်းတွေရဖို့ စွမ်းဆောင်နိုင်တော့မှာမဟုတ်ကြောင်း၊ ခံစစ်ပိုင်းဆိုးရွားမှုကလည်း ရှက်စရာကောင်းတဲ့စွမ်းဆောင်ရည်ဖြစ်ကြောင်း ဝေဖန်ပါတယ်။
တခြားပရိသတ်တွေကတော့ ရော်ဂျာကိုထုတ်ပယ်ဖို့ လုံလောက်နေပြီဖြစ်ကြောင်း၊ ၂ ပွဲမှာ ၁၁ ဂိုးပေးခဲ့ရတယ်ဆိုတာ တန်းတက်ကလပ်တွေဆိုရင် နားလည်းပေးနိုင်မှာဖြစ်ကြောင်း ဝေဖန်ခဲ့ကြတာပါ။
နည်းပြရော်ဂျာဟာ မနှစ်ကရာသီတုန်းက ယူရိုကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်ဆီပို့ဆောင်ပေးခဲ့ပြီး အက်ဖ်အေဖလားချန်ပီယံဆုရအောင်လည်း ဦးဆောင်နိုင်ခဲ့ပေမဲ့ အခုနှစ် ရာသီအစမှာတော့ နိုင်ပွဲရှာမတွေ့သေးတာဖြစ်ပါတယ်။