ယူကရိန်းနှင့် ရုရှား အကျဉ်းသားများ အပြန်အလှန်လွှတ်ပေး

ရုရှားဟာ ထိပ်တန်းစစ်ခေါင်းဆောင်တွေအပါအဝင် ယူကရိန်းအကျဉ်းသား ၂၁၅ ယောက်ကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကိယက်ဗ်မှ အကြီးတန်းအရာရှိတယောက်က စက်တင်ဘာ ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
အပြန်အလှန်အားဖြင့် ကိယက်ဗ်ကလည်း ရုရှားအကျဉ်းသား ၅၅ ယောက်အပြင် နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားလိုလားသူ အပိတ်ခံထားရတဲ့ ပါတီတခုရဲ့ခေါင်းဆောင် ဗစ်တာမဒ်ဗဒ်ချပ်ခ်ကိုလည်း လွှတ်ပေးခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ ရုံးခန်းအကြီးအကဲ အန်ဒရီယေး ယာမက်ခ်က ပြောပါတယ်။
အခုနှစ်အစောပိုင်းက ယူကရိန်းဆိပ်ကမ်းမြို့ မာရီယူပိုးမှာတိုက်ပွဲတွေ ကြာရှည်ဖြစ်ပွားပြီးနောက် လွတ်မြောက်လာသူတွေထဲမှာ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့တဲ့ Azov တပ်မှူး ဒုဗိုလ်မှူးကြီး ဒဲနစ် ပရိုကိုပန်ကိုနဲ့ သူ့ရဲ့လက်ထောက် ဒုတပ်မှူး ဆဗီယာတိုဆလဗ် ပါလမာ အပြင် ယူကရိန်းတပ်မတော်ရဲ့ အမှတ် ၃၆ မရိန်းတပ်မဟာရဲ့ တပ်မှူး ဆာဟီး ဗိုလင်စကီးလည်း လွတ်မြောက်လာတဲ့အထဲ ပါဝင်လာကြောင်း ယာမက်ခ်က ပြောပါတယ်။
သူတို့သုံးယောက်ဟာ မာရီယူပိုးရဲ့ ဧရာမသံမဏိစက်ရုံအောက်ရှိ ဘန်ကာ ကတုတ်ကျင်းတွေနဲ့ ဥမင်လိုဏ်ခေါင်းတွေကနေ သီတင်းပတ်ချီ ကြာမြင့်အောင် မဆုတ်မနစ်တဲ့ ခုခံမှုကို ဦးဆောင်နိုင်ခဲ့တာပါ။ မေလကျမှ သူတို့နဲ့ ရာနဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ရုရှား ကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေဆီမှာ လက်နက်ချခဲ့ရပါတယ်။
မော်စကိုက နာဇီတွေလို့ သတ်မှတ်ထားတဲ့ ဖမ်းမိထားသမျှ Azov အမှုထမ်းတွေကို နွေရာသီအကုန်မှာ တရားရုံးတင် စစ်ဆေးမှာဖြစ်ကြောင်း ယူကရိန်းအရှေ့ပိုင်းဒေသ ဒွန်နက်စ်ခ်ရှိ ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေး အုပ်ချုပ်မှုအဖွဲ့ အကြီးအကဲက ပြီးခဲ့တဲ့လက ပြောထားတာပါ။ အဲဒါကြောင့်လည်း အခုလုပ်ဆောင်ချက်ကို မမျှော်လင့်ခဲ့ဘူးလို့ သတင်းမှာ ရေးထားပါတယ်။
ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေကို တိုက်ဖျက်ဖို့အတွက် ပြည်သူ့စစ်အဖြစ် ၂၀၁၄ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ Azov တပ်ဖွဲ့ကတော့ ဖက်ဆစ်ဝါဒကို ငြင်းဆိုထားပါတယ်။ ယူကရိန်းကလည်း သူ့ရဲ့ အစွန်းရောက် အမျိုးသားရေး ဇာစ်မြစ်ကနေ ပြုပြင်ပြောင်းလဲခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။