close

ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာမီးရှို့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ကျေးရွာတရွာကို စက်တင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ် ဂဝံလေးတိုင်ရွာကို ဒီနေ့မနက် ၆ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့ ရွာမှာ အိမ်ခြေ ၁၀ လုံးထက်မနည်း မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ လေးတိုင်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“စစ်(...)တွေက ကျနော်တို့ရွာဘက်တွေကို အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာ ၄ ရက်လောက်ရှိပြီဗျ။ သူတို့ စစ်ကြောင်းမဝင်ခင်ကတည်းက ရွာလုံးကျွတ်တွေ ဘေးလွတ်ရာကို ထွက်ပြေးလာကြရတာ။”

အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာရတော့ စားရေးသောက်ရေး အခက်အခဲရှိသလို တောထဲတောင်ထဲတွေမှာ ဖြစ်သလိုနေနေကြရပြီး တချို့ကတော့ ဆွေမျိုးတွေရှိတဲ့ရွာတွေမှာ ခိုကပ်နေကြရတယ်လို့လည်း ဒေသခံက ပြောပါတယ်။

လေးတိုင်ရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ လေးတိုင်နဲ့ မြစ်ဖျားရွာကြားမှာရှိတဲ့ တောင်သူတွေရဲ့ တဲတိုက်တွေနဲ့ စစ်ဘေးရှောင်တဲတိုက်တွေကို မီးရှို့ဖျက်ဆီးကြလို့ အဲဒီတဲတွေမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာလည်း ထပ်မံပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၅,၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈,၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up