close

မီဇိုရမ်တွင် မြန်မာနိုင်ငံသား ၃ ဦး ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးခံရ

အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့နယ်မှာ ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၃ ယောက်ထံက ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အိုင်ဇောလ်မြို့နယ် Tuirial ကျေးရွာမှာ စက်တင်ဘာ ၂၀ ရက်က အသက် ၃၂ နှစ်အရွယ် အမျိုးသားတယောက်ဆီက ဘိန်းဖြူ ၂၀၂ ဂရမ် ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံရသူဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ဒေသခံတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ စက်တင်ဘာ ၂၁ ရက်ကလည်း Tuirial ကျေးရွာမှာ အသက် ၃၂ နှစ်အရွယ် အမျိုးသားတယောက်နဲ့ ၂၅ နှစ်အရွယ် အမျိုးသားတယောက်ထံက ဘိန်းဖြူ ၁၄၇ ဂရမ် ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းဆီးခံရသူနှစ်ယောက်ဟာ ကလေးမြို့ တာဟန်းရပ်ကွက်မှာ နေထိုင်သူတွေ စစ်ဘေးရှောင်တွေ ဖြစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနနဲ့ မီဇိုးလူငယ်အသင်းက ဖွဲ့စည်းထားတဲ့ Central Anti-Drugs Squad (CADS) တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်မြှင့်တင်နေရာမှာ စက်တင်ဘာ ၁၀ ရက်မှ ၂၁ ရက်နေ့အတွင်း ဘိန်းဖြူ ၁ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၉ ရက်‌နဲ့ ၁၂ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားနှစ်ယောက် ဘိန်းဖြူတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

မြန်မာပြည်ကနေ မီဇိုရမ်ပြည်နယ်ကို တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ PDF-Zoland က ဩဂုတ် ၂၆ ရက်က သတိပေး ထုတ်ပြန်ထားပါတယ်။

အရင်ကလည်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက စုပေါင်းပြီး သတိပေးစာ ထုတ်ပြန်ပေမဲ့ မြန်မာပြည်ဘက်ကနေ မီဇိုရမ်ဘက်ကို မူးယစ်ဆေးဝါးရောင်းချမှု လျော့ပါးလာတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေ အမြောက်အမြား နေထိုင်နေကြတဲ့ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု ဆက်လက်မြင့်တက်နေပြီး အထူးသဖြင့် ဘိန်းဖြူ အများစုဟာ အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကနေ ဝင်ရောက်လာတာဖြစ်ပြီး ဘိန်းဖြူဖမ်းဆီးမှု အများစုမှာ မြန်မာနိုင်ငံသားတွေဆီက ဖမ်းဆီးရမိနေတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up