ရဲတပ်ဖွဲ့ဖမ်းဆီးခဲ့သည့် အမျိုးသမီး သေဆုံးမှု အီရန်နိုင်ငံတဝန်း ဆန္ဒပြ

အီရန်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးငယ်တဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အီရန်နိုင်ငံတဝန်း စုဝေးဆန္ဒပြနေကြပါတယ်။
ကြွေးကြော်သံတွေ ဟစ်ကြွေးချီတက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက လမ်းတွေပိတ်ဆို့ပြီး လူစုခွဲခဲ့ကြပါတယ်။
စက်တင်ဘာ ၁၇ ရက် ဆန္ဒပြပွဲတွေနောက်ပိုင်း စုစုပေါင်း လူ ၇ ဦး သေဆုံးခဲ့တယ်လို့ တရားဝင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
အီရန်နိုင်ငံ ကာဒစ်စတန်ပြည်နယ်က အသက် ၂၂ နှစ်အရွယ် မယ်ဆာ အာမီနီဟာ မသင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုကြောင့် ရဲတွေဖမ်းတာခံရပြီးတဲ့နောက် သေဆုံးခဲ့ပါတယ်။
အာမီနီဟာ နေမကောင်းဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပေမဲ့ သူ့သမီးမှာ ကျန်းမာရေးပြဿနာ မရှိဘူးလို့ ဖခင်ဖြစ်သူက ထပ်ခါတလဲလဲ ပြောခဲ့ပြီး အလောင်းရဲ့ ခြေထောက်တွေမှာ ပွန်းပဲ့ဒဏ်ရာတွေ ရထားကြောင်း၊ သေဆုံးမှုအတွက် ရဲမှာတာဝန်ရှိတယ်လို့လည်း အာမီနီရဲ့ ဖခင်က ပြောခဲ့ပါတယ်။
အာမီနီဟာ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရတယ်ဆိုတဲ့ စွဲချက်ကို ရဲတွေက ငြင်းဆိုထားပြီး သူ့မှာ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်လို့ ပြောပါတယ်။