close

ဝက်လက်မြို့နယ် ရွာသာကြီးရွာကို စစ်တပ်က ပစ်ခတ်၊ ပြည်သူအချို့ကျည်ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာထဲကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၅ ရက် ဒီမနက်အစာပိုင်း ၅ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

ရွာသာကြီးဒေသခံ တစ်ဦးက “ဘာတိုက်ပွဲမှ မဖြစ်ဘူး။ သူတို့ပစ်ချင်လို့ကို လာပစ်တာ။ ပြည်သူတွေရဲ့ ပစ္စည်းတွေ ခိုးရအောင်။ လုရအောင်လို့ကို  အခုလိုပစ်ခတ်တာ။ ကျနော်တို့လည်း အသက်လု ပြေးခဲ့ရတယ်။ ဘာပစ္စည်းမှ မယူနိုင်ခဲ့ဘူး။ ရွာသားတွေ ဒဏ်ရာရသူတွေလည်း ရွာထဲမှာ ကျန်ခဲ့တာတွေ ရှိခဲ့တာရှိတယ်။ သေသလား၊ ရှင်သလားတော့ သေခြာမကြည့်ခဲ့ရဘူး။ နိုင်သလောက်တော့ ဒဏ်ရာရသူတွေကို တွဲခေါ်ကယ်ခဲ့တာတွေ လုပ်ပေးခဲ့သေးတယ်။ သူတို့ ရွာထဲရောက်မလာခင် အသက်လု ထွက်ပြေးခဲ့ရတယ်”လို့ ပြောပါတယ်။

ရွာသာကြီးရွာကို ဝင်ရောက်လာတဲ့စစ်တပ်ဟာ လှတောစခန်းမှာ တပ်စွဲထားတဲ့ အင်အား ၃၀ ကျော် စစ်ကောင်စီတပ်ဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်အစုံနဲ့ ရွာထဲအခုလို ပစ်ခတ်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ဝက်လက် အနောက်ခြမ်း တပ်ရင်းအဖွဲ့ခေါင်းဆောင်တဦးက “သူတို့ဝင်လာပြီး ပစ်ခတ်တာကြောင့် ရွာသားတွေ ကယ်ထုတ်နိုင်အောင် ကျနော်တို့ တပ်ရင်းအနေနဲ့ ခုခံစစ်သွားလုပ်ပေးခဲ့တယ်။ ဒဏ်ရာရသူနှစ်ယောက်လည်း ကယ်ထုတ်နိုင်ခဲ့တယ်။ ဆေးလည်းကုသတာတွေ လုပ်ဆောင်ပေးနေတယ်။ လက်နက်ချင်း အင်အားမမျှလို့ နောက်ဆုတ်ပေးလိုက်ရတယ်။ ရွာထဲမှာတော့ အပစ်မဲ့ရွာသားသေဆုံးသူတွေလည်း ရှိနိုင်သလို၊ ဒဏ်ရာရသူတွေလည်းရှိနိုင်သေး တယ်ဗျ။ ရွာသားအတော်များများကတော့ အကုန်လုံးနီးပါး ကယ်ထုတ်နိုင်ခဲ့တယ်။ အခု ၉ နာရီကျော် လောက်ရောက်တော့ ခွေးတွေ ရွာကိုမီးရှို့နေပြီဗျ။ အဝေးကနေပဲ မီးခိုးလုံးတွေ တက်လာတာမြင်နေရတယ်”လို့ ပြောပါတယ်။

အခုမီးရှို့ခံနေရတဲ့ ရွာသာကြီးရွာဟာ အိမ်ခြေ ၂၀၀၀ လောက်ရှိတဲ့  ရွာကြီးတစ်ရွာဖြစ်ပြီး အခုမီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်နဲ့ ရွာသားတွေ ထိခိုက်သေဆုံးအမှု အခြေအနေ အသေးစိတ်ကိုတော့ လတ်တလောမသိရသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up