ပဲ့ထိန်း ဒုံးကျည်တစင်း မြောက်ကိုရီးယား ပစ်လွှတ်

မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းက ပင်လယ်ပြင်ဘက်ဆီကို အမျိုးအမည်မသိ ပဲ့ထိန်း ဒုံးကျည်တစင်း စက်တင်ဘာ ၂၅ ရက်က ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် တပ်ဖွဲ့တွေက ပြောပါတယ်။
အကွာအဝေး ဒါမှမဟုတ် ပစ်မှတ်အပါအဝင် ဒုံးကျည်နဲ့ ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို တောင်ကိုရီးယား စစ်တပ်က မပြောခဲ့ပါဘူး။
မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည် (SLBM) ကို စမ်းသပ်ဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယား စစ်တပ်ကို ကိုးကားပြီး တောင်ကိုရီးယား အခြေစိုက် ယုံဟပ် သတင်းဌာနက စက်တင်ဘာ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယားတပ်ဖွဲ့တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ အမေရိကန်ဒုသမ္မတ ကာမာလာ ဟာရစ်ဟာ လာမယ့်သီတင်းပတ်အတွင်း တောင်ကိုရီးယားကို သွားဖို့ စီစဉ်ထားတာပါ။
အဲဒီအတွက် အမေရိကန် လေယာဉ်တင် သင်္ဘောတစီး ရောက်လာပြီးတဲ့နောက် မြောက်ကိုရီးယား က ခုလိုပစ်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ဇွန်လအစောပိုင်းမှာ တရက်အတွင်း တာတိုပစ် ပဲ့ထိန်းဒုံးကျည် ရှစ်စင်းကို ပစ်ခတ်ပြီးတဲ့နောက် အခုပစ်လွှတ်မှုက ပထမဆုံး အကြိမ်ပါ။
မြောက်ကိုရီးယားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်လို့ ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူတာတွေ ပိုလုပ်ဖို့ အမေရိကန်က တောင်းဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားကတော့ သူ့ရဲ့ ကိုယ်ပိုင် ကာကွယ်ရေးနဲ့ အာကာသစူးစမ်းလေ့လာရေး ဆိုင်ရာ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ကို ချိုးဖောက်မှုအဖြစ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ပယ်ချခဲ့ပါတယ်။