close

ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ စေတီတောင်စခန်းကို အေအေ သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအဝင်မှာ တပ်စွဲထားတဲ့ စေတီ‌တောင်စခန်းကို စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ရက္ခိုင်တပ်တော် (အေအေ) က သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

စေတီပြင်ဒေသခံတယောက်က “ဒီနေ့ညနေ ၅ နာရီမှာ စေတီပြင်ရွာဝင်ဝက စေတီတောင် စစ်စခန်းကို သိမ်းလိုက်တာလို့ သိရတယ်။ မီးခိုးတွေထွက်နေတာ မြင်ရပါတယ်။ အေအေက သိမ်းပိုက်လိုက်ပြီး မီးရှို့လိုက်တာ” လို့ ‌ေပြာပါတယ်။

အဲဒီစခန်းဟာ ကျောက်ပန္ဒူ-စေတီပြင်‌‌ မေယုတောင်ကျော်လမ်းရဲ့ စေတီပြင်ကျေးရွာဘက် မယူတောင်ခြေရင်းရှိ စေတီတောင်မှာ နေရာယူထားတဲ့ စစ်အခြေစိုက်စခန်းတခုလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက်က ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအဝင်ရှိ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အရာရှိတယောက်နဲ့ တပ်သားနှစ်ယောက် ရက္ခိုင့်တပ်တော် (အေအေ) ဆီ လက်နက်မဲ့ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစခန်းက ကြားမှာပိတ်မိနေတာဖြစ်ပြီး ထွက်ပြေးကြတဲ့ တပ်ဖွဲ့ဝင်တွေလည်း များလာနေတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် မြန်မာတပ်မတော်နဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ တိုက်ပွဲပြင်းထန်ချိန်ကလည်း ရသေ့တောင် စေတီပြင်ကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ်ကြားရှိ သဇင်မြိုင် နယ်ခြားစောင့် တောင်ပေါ်စခန်းနဲ့ တောင်အောက်စခန်းတွေကို ရက္ခိုင်တပ်တော် (အေအေ) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ‌ယောက်နဲ့ ကလေး ၁ ‌ေယာက် အပါအဝင် မိသားစုဝင် ၃ ယောက် ပျောက်ဆုံးနေတယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ အဲဒီစခန်း အနီးတဝိုက်ကို ရသေ့တောင်အခြေစိုက် စစ်ဗျူဟာကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up