close

ပေါက်မြို့နယ် သရက္ကန်ရွာကို မီးရှို့ခဲ့သည့်စစ်တပ်အား PDF က ဒရုန်းဖြင့် တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက္ကန်ရွာက နေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၇ ရက်မှာ ​ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။ 

“သရက္ကန်ရွာကို စစ်(...)၊ ရဲ(...)၊ ပျူ(...)တွေပေါင်းပြီး နေအိမ်တွေကို မီးရှို့ခဲ့လို့ မနေ့က စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၉ နာရီ ၂၅ မိနစ်ကနေ ညနေ ၃ နာရီခွဲအထိ မြိုင် ပ.က.ဖ တပ်ရင်း-၁ အပါအဝင် မြိုင်နဲ့ ပေါက်မြို့နယ်တွေက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။” 

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က သေဆုံးဒဏ်ရာရရှိသူ ရှိနိုင်ပေမယ့်လည်း အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်သွားမှာဖြစ်လို့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။ 

အဲဒီ စစ်ကောင်စီစစ်ကြောင်းကို မြိုင်မြို့နယ် ကြက်ဆူအိုင်ကျေးရွာနားမှာလည်း စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက မြိုင် ပ.က.ဖ က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ကြက်ဆူအိုင်ရွာက နေအိမ် ၄ လုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up