ထိုင်ဝမ်ခွဲထွက်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ရန် အမေရိကန်ကို တရုတ် တိုက်တွန်း

အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒကို ပြန်ကျင့်သုံးဖို့နဲ့ ထိုင်ဝမ် ခွဲထွက်ရေး လှုပ်ရှားမှုအားလုံးကို ဆန့်ကျင်ကြောင်း ရှင်းလင်းပြတ်သားပြဖို့ ဘေကျင်းအစိုးရက စက်တင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
“အမေရိကန်ဘက်က သူ့ရဲ့ကတိကဝတ်တွေကို ထက်ထက်သန်သန် ဖြည့်ဆည်းပေးဖို့၊ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ခုကို ပြန်လက်ခံဖို့၊ တရုတ်တနိုင်ငံတည်း မူဝါဒကို ထပ်လောင်းပြောကြားဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးလှုပ်ရှားမှု အမျိုးမျိုးကို ဆန့်ကျင်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုဖို့ တိုက်တွန်းလိုက်ပါတယ်” လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ဥပဒေစည်းမျဉ်း အခြေခံတဲ့ နိုင်ငံတကာအမိန့် ဥပဒေတွေကို ပျက်ပြားစေတယ်ဆိုပြီး အမေရိကန်ဒုသမ္မတ ဟားရစ်က ဗုဒ္ဓဟူးနေ့ အစောပိုင်းက သူ့ရဲ့ဂျပန်ခရီးစဉ်မှာ ပြောခဲ့တာကို သတိပြုမိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဝါရှင်တန်ဟာ ထိုင်ဝမ်နဲ့ သူ့ရဲ့ အလွတ်သဘော ဆက်ဆံရေးကို ဆက်လက် နက်ရှိုင်းစေမှာ ဖြစ်ကြောင်းလည်း ဟားရစ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်တို့မှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူနဲ့ ထိုင်ဝမ်ရေလက်ကြားတလျှောက် ရန်စမှုတွေကို မြင်တွေ့နေရကြောင်းလည်း ဒုသမ္မတ ဟားရစ်က ဂျပန်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် သင်္ဘောသားတွေကို မိန့်ခွန်းပြောချိန်မှာ ပြောသွားပါတယ်။