close

မတ္တရာမြို့နယ်အတွင်းက သံကျောက်လုပ်ငန်းများ ပိတ်သိမ်းရန် မတ္တရာ ပကဖ သတိပေး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက သံကျောက် တူးဖော်သယ်ယူပို့ဆောင်နေတဲ့ လုပ်ငန်းအားလုံး တပတ်အတွင်း ရပ်နားပိတ်သိမ်းကြဖို့ မတ္တရာ (ပကဖ) က စက်တင်ဘာ ၂၉ ရက် ဒီကနေ့ရက်စွဲနဲ့ အသိပေး ကြေညာထားပါတယ်။

စစ်ရေးအရှိန်မြှင့်တင်တော့မှာဖြစ်ပြီး နယ်မြေလုံခြုံရေး အခြေအနေအရ လုပ်ဆောင်တာ ဖြစ်ကြောင်းနဲ့ လိုက်နာမှုမရှိပါက အရေးယူသွားမယ်လို့ မတ္တရာ (ပကဖ) ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“နယ်မြေလုံခြုံရေးအရပဲ၊ နယ်မြေလုံခြုံရေးအရဆိုတော့ ကျနော်တို့က ဒီဘက်မှာ စစ်ရေးအရှိန်မြှင့်လာတဲ့ အပိုင်းတွေလည်း ရှိတယ်။ ရှိတဲ့ခါကျတော့ သံကျောက်ကားတွေကလည်း သံကျောက်ထုတ်တဲ့ လုပ်ကွက်တွေရှိတယ်။ နောက် ဒီဘက်မှာ လမ်းမှာ ကျနော်တို့ မိုင်းကွင်းတွေလည်းရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သံကျောက်ကားတွေကို ထိခိုက်မှာ၊ သူတို့ရဲ့အလုပ် ထိခိုက်မှာလည်း စိုးရိမ်တယ်။ နောက်တခုက သံကျောက်ကားတွေကို မှီပြီးတော့ စ(--)တွေထဲက အရပ်ဝတ်တွေနဲ့ ပါလာတယ်ဆိုတဲ့ ဗျူဟာပေါ့။ သတင်းတချို့တလေ ကြားရတယ်။ ကြားရတော့ ဘာပဲပြောပြော ကျနော်တို့က မတ္တရာအရှေ့ပိုင်းကို နယ်မြေစိုးမိုးမှု အပြည့်ရဖို့ ကြိုးစားနေတယ်။ စစ်ရေးလည်း အဆင့်မြှင့်ဖို့ရှိတယ်။ ဆိုတော့ ဒီ သံကျောက်ကားတွေကြောင့် နယ်မြေလုံခြံုမှု မရှိဘူးလို့ တော်လှန်ရေးအဖွဲ့တွေက ခံစားရတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ပကဖ အနေနဲ့ သံကျောက်လုပ်ကွက်အားလုံးကို အချိန်ကာလတခုထိ တားမြစ်ထားတာပါ။”

သံကျောက်လုပ်ငန်းတွေဟာ မတ္တရာအရှေ့ပိုင်းမှာ လုပ်ဆောင်တာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ သတင်းတပ်ဖွဲ့တွေထံ ငွေကြေးပေးဆောင်ကာ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ဒီ သံကျောက်တွေဟာ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ် နှစ်ခုကြားက ဒေသခံတွေနဲ့ ပြဿနာတွေ ဖြစ်ပွားခဲ့တဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို ပို့ဆောင်နေကြတာလို့ သိရပါတယ်။

မတ္တရာအရှေ့ခြမ်းမှာ နယ်မြေစိုးမိုးနိုင်ဖို့အတွက် စစ်ရေးအရှိန်မြှင့်တင်တော့မှာဖြစ်ပြီး စစ်ရေးအမြင်အရ နယ်မြေလုံခြုံရေးကြောင့် မဖြစ်မနေ တားမြစ်တဲ့သဘော ဖြစ်တယ်လို့ မတ္တရာ (ပကဖ) ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

စစ်အုပ်စုဘက်ကတော့ မတ္တရာမြို့နယ်အတွင်း လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် မီးရှို့တာ၊ ပစ္စည်းတွေကို လုယက်ယူငင်တာတွေ လုပ်ဆောင်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က‌လည်း ပြန်လည်တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up