close

ကားဖြင့်တိုက်ဖမ်းခံခဲ့ရသည့် အမျိုးသမီးသတင်းထောက်ကို စစ်ကောင်စီက ထပ်တိုးအမှုဖွင့်

ရန်ကုန်ကသပိတ်ကို စစ်ကောင်စီက ကားနဲ့တိုက်ဖမ်းတုန်းက ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး သတင်းထောက်ကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ပါ ထပ်ပြီး အမှုဖွင့်လိုက်တယ်လို့ ရှေ့နေတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့မှာ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းက သပိတ်ကို စစ်တပ်က ကားနဲ့ဝင်တိုက်ဖြိုခွင်းဖမ်းဆီးရာမှာ ရုပ်သံသတင်းထောက် တယောက်ဖြစ်တဲ့ မမှူးရတနာခက်မို့မို့ထွန်းလည်း ပါသွားခဲ့တာပါ။

သူ့ကို ကြည့်မြင်တိုင်မြို့မရဲစခန်း စခန်းမှူးက တရားလိုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှာ တရားစွဲဆို စစ်ဆေးနေချိန်မှာပဲ နောက်ထပ် ရဲစခန်းမှူးတယောက်က ပုဒ်မတခုနဲ့ ထပ်မံတရားစွဲဆိုလိုက်တာပါ။

“ဒီအမှုကို အင်းစိန်ထောင်ထဲမှာ ဖွင့်လှစ်တဲ့ အထူးတရားရုံးမှာ စစ်ဆေးနေတာ လာမယ့် အောက်တိုဘာ ၅ ရက်မှာ မမှူးရတနာဘက်က သက်သေတွေကို စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။ ဒီအမှုကို ရင်ဆိုင်နေစဉ်မှာပဲ စက်တင်ဘာ ၃၀၊ ညနေ ၃ နာရီ ၃၀ မိနစ်မှာ တာမွေမြို့မရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့ သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ ထပ်မံတရားစွဲတင်ပို့ခဲ့ပါတယ်” လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် မမှူးရတနာခက်မို့မို့ထွန်း ဦးခေါင်းအရေခွံ တခုလုံး ကွာကျခဲ့သလို နားရွက်လည်း ပြတ်လုနီးပါးဖြစ်ခဲ့ပါတယ်။ မျက်လုံးတဖက်လည်း ထိခိုက်ခဲ့သလို ခြေထောက်တချောင်းလုံးလည်း ကျိုးကြေခဲ့ရပါတယ်။

ဒဏ်ရာတွေကို ကုသခဲ့လို့ ရှင်သန်လွတ်မြောက်ခဲ့ပေမယ့် အခု ၁၀ လပြည့်တဲ့အထိ ကျန်းမာရေး အပြည့်အဝမကောင်းသေးပါဘူး။ 

အကျိုးဆောင်ရှေ့နေက “မမှူးရတနာရဲ့ လက်ရှိအခြေအနေက ၂ လွှာမှာရှိနေတဲ့ တရားရုံးဆီကို လှေကားထစ်တွေကတဆင့် တက်ဖို့ ခက်ခဲတဲ့အခြေအနေ ဖြစ်တာကြောင့် အင်းစိန်ထောင်အတွင်း အထူးတရားရုံးမှာပဲ စစ်ဆေးပေးဖို့ ကျနော်တို့ နှုတ်ဖြင့်တင်ပြထားပါတယ်။ လာမယ့်ရုံးချိန်းမှာ စာနဲ့ တင်ပြပါမယ်” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သတင်းထောက်တွေကို ရန်သူလိုသဘောထား ဖမ်းဆီးနှိပ်စက်တာတွေလုပ်ခဲ့သလို လက်ရှိအချိန်အထိ သတင်းသမား ၁၅၀ လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၆၀ ကျော်ဟာ ထောင်တွေထဲမှာ ချုပ်နှောင်ခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up