အမျိုးသမီးများအကြမ်းဖက်ခံနေရမှုအား မတားဆီးနိုင်သည့်အပေါ် အီကွေဒေါ ပြည်သူများ ဆန္ဒပြ

အမျိုးသမီးတွေအပေါ် အကြမ်းဖက်နေတဲ့ ပတ်၀န်းကျင်မှာ “ထိရောက်မှုမရှိတဲ့ ပြည်သူ့မူဝါဒတွေ” ကို အရေးယူဖို့ အီကွေဒေါနိုင်ငံသားတွေ အောက်တိုဘာ ၁ ရက်က လမ်းတွေပေါ်ထွက်ပြီး တောင်းဆိုခဲ့ကြပါတယ်။
အမျိုးသမီးတွေကို လျစ်လျူရှုပြီး အမျိုးသမီးများ အခွင့်အရေးကို ကာကွယ်ဖို့ ထိရောက်တဲ့ နိုင်ငံရေးမူဝါဒတွေ ကင်းမဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသား ရဲတပ်ဖွဲ့ကို မြို့တော် ကွေတိုရဲ့ လမ်းတွေပေါ်မှာ လူရာနှင့်ချီပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
“ကျမတို့က ဒီပြည်နယ်ကို အမျိုးသမီးတွေနဲ့ လိင်ပြောင်းထားတဲ့ အမျိုးသမီးတွေကို သတ်တဲ့ ပြည်နယ်လို့ ခေါ်ပါတယ်” လို့ ဆန္ဒပြသူ စင်ချီ ဂိုမဲ့ဇ်က ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးပုံတူတွေပါတဲ့ နဖူးစည်း စာတန်းတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာက ဝန်းရံထားချိန်မှာ သူက အသံချဲ့စက်နဲ့ ကြွေးကြော်ခဲ့တာပါ။
စက်တင်ဘာ အစောပိုင်းက ပျောက်ဆုံးသွားပြီး နောက်ပိုင်းမှာ သေဆုံးနေတာကို တွေ့ခဲ့ရတဲ့ ရှေ့နေ မာရီယာ ဘေလန် ဘာနယ်ရဲ့ နာမည်ကိုလည်း အသတ်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှု တောင်းဆိုတဲ့ ဆန္ဒပြသူတဦးရဲ့ စာတမ်းထဲမှာ ဖော်ပြခဲ့ပါတယ်။
ဒီလူသတ်မှုအတွက် အဓိကသံသယရှိသူဟာ သူ့ခင်ပွန်းဖြစ်သူ ရဲအရာရှိ ဂျာမန် ကာစေရက်စ် ဖြစ်ပြီး ခုတော့ ထွက်ပြေးတိမ်းရှောင်နေဆဲပါ။ ဒီအမှုကြောင့် ပြည်သူတွေကြားမှာ ဒေါသဖြစ်ခဲ့ပါတယ်။
အီကွေဒေါနိုင်ငံမှာ ၂၈ နာရီခြားတိုင်း အမျိုးသမီးတဦး အသတ်ခံနေရတယ်လို့ ဒေသဆိုင်ရာမီဒီယာတွေက ဖော်ပြထားပါတယ်။