ဒန်းညက်စ်ဒေသရှိ လေးမန်းမြို့ကို ယူကရိန်းတပ်ဖွဲ့ သိမ်းပိုက်

ယူကရိန်းတပ်ဖွဲ့တွေဟာ ဒန်ညက်စ်ဒေသက အရေးပါတဲ့ မြို့ဖြစ်တဲ့ လေးမန်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာထားတဲ့ ရုပ်သံကို အောက်တိုဘာ ၁ ရက်မှာ ထုတ်လွှင့်ပြသ လိုက်ပါတယ်။
ရုရှားကလည်း သူ့စစ်သည်တွေက လေးမန်းမြို့ကို စွန့်လွှတ်ခဲ့ပြီးပြီလို့ ပြောခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ဒန်ညက်စ်ဒေသ လေးမန်းမြို့ကို ရုရှားလက်ကနေ လွတ်မြောက်အောင် လုပ်ပြီး ထိန်းချုပ်လိုက်ပြီလို့ ယူကရိန်းစစ်တပ် လေကြောင်းချီတပ်ဖွဲ့ တပ်မဟာ ၈၁ ထဲက စစ်သည်တယောက်က ရုပ်သံထဲမှာ ပြောထားပါတယ်။
ရုပ်သံရဲ့ အဆုံးပိုင်းမှာ ယူကရိန်း စစ်သားတွေဟာ အဆောက်အအုံခေါင်မိုးက ရုရှားအလံတွေကို ပစ်ချပြီး ယူကရိန်းအလံကို လွှင့်တင်ခဲ့ပါတယ်။
ဒီရုပ်သံကို ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ အကြီးတန်းလက်ထောက် ကယ်ရယ်လို တီမိုရှန်ကို နဲ့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနတို့က မျှဝေခဲ့ပါတယ်။
ဗွီဒီယိုရဲ့ တည်နေရာဟာ ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ အဆောက်အအုံတွေ၊ သစ်ပင်တွေ လမ်းမြင်ကွင်း ပုံရိပ်တွေနဲ့ ကိုက်ညီတယ်လို့ ရိုက်တာသတင်းဌာနက အတည်ပြုထားပါတယ်။
ဗွီဒီယိုရိုက်ကူးထားတဲ့ ရက်စွဲကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။ ယူကရိန်းအလံဟာ မြို့ထဲမှာ ပျံဝဲလွင့်နေပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်လို့ ဇလန်းစကီးက ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။