ဘောလုံးကွင်းအတွင်း လူရာချီသေဆုံးမှု စုံစမ်းစစ်ဆေးရန် ဖီဖာက အဖွဲ့တစ်ဖွဲ့ အင်ဒိုနီးရှားသို့ စေလွှတ်

အင်ဒိုနီးရှားနိုင်ငံ၊ မာလန်းအုပ်ချုပ်ရေးနယ်မြေရှိ ကန်ဂျူရူဟန်ဘောလုံးကွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူပေါင်းရာချီသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အစီရင်ခံစာ တောင်းခံထားပြီး စုံစမ်းစစ်ဆေးမယ့်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားတယ်လို့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
အောက်တိုဘာ ၁ ရက်နှောင်းပိုင်းက အင်ဒိုနီးရှားလိဂ်ပွဲစဉ်မှာ အာရီမာအသင်းက ပါစီဘာယာဆူရာဘာယာကို ရှုံးနိမ့်ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူတွေတိုးမိတက်နင်းမိပြီး သေဆုံးဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။
အောက်တိုဘာ ၂ ရက်အထိ လူပေါင်း ၁၂၅ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး ၃၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး လစ်စ်ထ်ယို ဆီဂစ် ပရာဘိုဝိုက ပြောပါတယ်။
ရှုံးနိမ့်သွားတဲ့ အသင်းဘက်က အားပေးတဲ့ပရိတ်သတ်တွေ ခြံစည်းရိုးပေါ်ကနေ ခုန်တက်ပြီး ဘောလုံးကွင်းထဲကို ဝင်ခဲ့ကြရာမှာ လူအုပ်ကြီးနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ကြောင်း၊ အဲဒီနောက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထောက်ခံသူတွေကြား ထိတ်လန့်သွားခဲ့ကြပြီးတော့ သူတို့ဟာ အားကစားကွင်းကနေ ထွက်ခွာဖို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ထွက်ပေါက်တခုနားမှာ လူတွေစုပြုံတိုးကြရင်း တက်နင်းမိခဲ့ကြတာလို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
သမ္မတ ဂျိုကိုဝီဒိုဒိုက အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကို ညွှန်ကြားထားပြီး ဘောလုံးပွဲတွေအတွက် လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို အပြည့်အဝ အကဲဖြတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။