close

ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်း ၅ ခုတွင် စစ်ဘေးရှောင် ၂၀,၀၀၀ ခန့် ထပ်ရှိလာ

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်အသစ် ၂၀,၀၀၀ ကျော်လောက် ထပ်ရှိလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လကစတင်ပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စက်တင်ဘာလ ၂၇ ရက်အထိ ပြည်သူ ၁၇,၄၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးဖြစ်တယ်လို့ဆိုပါတယ်။

အသွားအလာကန့်သတ်မှုတွေ၊ တိုးမြှင့်လာတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ လမ်းပိတ်ဆို့မှုတွေအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုတွေကို ကန့်သတ်မှုတွေက ရခိုင်ပြည်နယ်တဝန်းမှာ ရွှေ့ပြောင်းနေထိုင်ရသူတွေနဲ့ ထိခိုက်ခံစားရသူတွေရဲ့ လက်ရှိအခက်အခဲတွေကို ပိုပြီးဆိုးဝါးစေတယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ရခိုင်ပြည်နယ် မြို့နယ်အများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေ၊ အရပ်သားပိုင်အိုးအိမ်ပျက်စီးမှုတွေ၊ အသွားအလာကန့်သတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပွားနေပြီး  စက်တင်ဘာလ ၂၃ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်တပ်တွေ ဝင်ရောက်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း လူ ၃၀၀ လောက်ဟာ  သူတို့ ကျေးရွာကနေ နေရပ်စွန်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာတော့ စက်တင်ဘာလ ၂၂ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ သုံးရွာက ပြည်သူ ၄၀၀ လောက် အိုးအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာလည်း စက်တင်ဘာလဆန်းပိုင်းကစတင်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မိုးဗြဲမြို့က လူ ၅၅၀ ခန့်ဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂစာရင်းအရ သိရပါတယ်။ 

စစ်ကိုင်းတိုင်းမှာတော့ တိုက်ပွဲတွေ ပြင်းထန်စွာဆက်လက်ဖြစ်ပွားခဲ့ပြီး အင်းတော်မြို့နယ်၊ နန်းနောင်ကျေးရွာက လူ ၅၃၀ ခန့်ဟာ အင်းတော်မြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ဘုန်းတော်ကြီးကျောင်းမှာခိုလှုံနေကြရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ကျေးရွာ ၂ ရွာက  လူ ၄၀၀ လောက်  နမ္မတူမြို့ပေါ် ဘုန်းတော်ကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ  စက်တင်ဘာ ၂၇ ရက်နဲ့ ၂၈ရက်နေ့တွေမှာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက အစားအစာတွေ၊ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ငွေသားထောက်ပံ့မှုတွေ ပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ စက်တင်ဘာလ ၂၆ ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၈၉,၄၀၀ ဦးအပါအဝင် လူဦးရေ ၁ ဒသမ ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up