close

စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲတွင် မပူးပေါင်းရန် မအူပင် PDF သတိပေး

အာဏာသိမ်းစစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာ၊ တာဝန်ယူတာတွေမပြုလုပ်ကြဖို့ မအူပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်သူတွေကို သတိပေးစာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ၂၀၂၃ ရွေးကောက်ပွဲလမ်းကြောင်းမှာ ပါဝင်နေသူတွေကို တမျိုးသားလုံးရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်မယ်လို့ မအူပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မအူပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “အဓိက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြို့နယ်၊ ရပ်/ကျေး ကော်မရှင်မှာ ပါဝင်ကြမယ့်သူတွေက အဓိကဖြစ်တယ်။ ကော်မရှင်က တင်ဒါခေါ်နေတာ တွေ့ရတယ်။ စီးပွားရေးအရ ပူးပေါင်းပါဝင်တယ်ဆိုတာ လေ့လာစိစစ်မယ်၊ နောက် ဒေါက်တိုင်တွေရဲ့ လုပ်ဆောင်နေမှုတွေအပေါ် ကျနော်တို့ရဲ့ scout team တွေက လေ့လာသုံးသပ် စိစစ်မှုတွေလုပ်မယ်။ ပူးပေါင်းဆောင်ရွက်သူတွေကို အကြောင်းထပ်ကြားမယ်။ မလိုက်နာရင် ကျနော်တို့ဘက်က တိုက်ခိုက်မှုတွေ မလွဲမသွေ ရှိလာပါလိမ့်မယ်။ တရားမျှတမှုလိုလားတဲ့ ပြည်သူတွေအတွက် ကျနော်တို့ တိုက်ပွဲဝင်သွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူတွေ လက်နဲ့ရေးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ခြေနဲ့ဖျက်ပစ်ဖို့ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး အာဏာသိမ်းစစ်ကောင်စီက လုပ်ဆောင်နေကြောင်း တွေ့နေရတယ်လို့ သတိပေးစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

မအူပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၅ ရက်နေ့မှာ ပြည်သူတွေကို အချက် ၅ ချက် သတိပေးစာ ထုတ်ပြန်ထားပါတယ်။

မအူပင်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up