close

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းတန် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ  အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ခုလိုဖမ်းဆီးရမိမှုဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ခရိုင်တခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်း ကော့ဇ်ဘဇားခရိုင် နေရာ ၂ ခုမှာ သီးခြားဖမ်းမိခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး ဖိုက်ဇာ ရာမန်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်လာသူ ၂ ယောက်ဟာ မြန်မာဘက်ကနေ နတ်မြစ်ကို ကူးဖြတ်ပြီးတော့ နိုင်ငံတွင်းဝင်ရောက်လာဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ချိန်မှာတော့ မြန်မာဘက်ကို ပြန်လည်ထွက်ပြေးသွားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါပေမဲ့ သူတို့နဲ့အတူ ပလတ်စတစ်အိတ်ထဲမှာ ထည့်သွင်း သယ်ဆောင်လာခဲ့တဲ့ ခရစ္စတယ် မက်သဖက်တမင်းအိုက်စ် မူးယစ်ဆေးပြား(ယာဘ) အလုံး ၃၀,၀၀၀ ကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဟာ ဒီအရင် အောက်တိုဘာ ၆ ရက်တုန်းကလည်း ယာဘမူးယစ်ဆေးပြား အလုံး ၅၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးမှု ၂ ခုပေါင်းမှာ တန်ကြေးအမေရိ ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

အဆိုပါ ဖမ်းဆီးရမိမှုမှာတော့ တက်ခ်နာ့ဖ်ဒေသတွင်းက စစ်ဆေးရေးဂိတ်တခုမှာ မှောင်ခိုသမား ၂ ယောက်ကို စစ်ဆေးဖို့ အချက်ပြခဲ့ပေမယ့် မူးယစ်ဆေးပြားတွေကိုသာ ဖမ်းဆီးရမိခဲ့ပြီး သူတို့ကိုတော့ မဖမ်းဆီးနိုင်ခဲ့ဘဲ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေရဲ့ တန်ကြေးသတ်မှတ်ချက်ကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ နိုင်ငံတကာနဲ့ ပြည်တွင်းဈေးကွက်တွေကို အကဲဖြတ်ပြီးနောက် မူးယစ်ဆေးဝါးတန်ဖိုး ဘယ်လောက်ရှိနိုင်တယ် ဆိုတာကို ဆုံးဖြတ်တယ်လို့ ဒုဗိုလ်မှူးကြီး ဖိုက်ဇာက ပြောပါတယ်။

Ref-Yenisafak

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up