close

ယင်းမာပင်နှင့်ကန့်ဘလူတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးမရွာမှာ လချီအထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို  အောက်တိုဘာ ၉ ရက် ည ၇ နာရီ ကျော်လောက်မှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက  တိုက်ခိုက်ခဲ့ကြတယ်လို့ ရွာသားတွေက  ပြောပါတယ်။

အခုလို လာတိုက်တာကို ဘန့်ဘွေးရွာမ(ဒေသခေါ်ပျူစောထီးရွာ)အတွင်းက စစ်ကောင်စီတပ်က အဝေးပစ်လက်နက်ကြီးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့လို့ တနာရီလောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပေမဲ့ နှစ်ဖက်တပ်တွေ ထိခိုက်မှု ရှိ၊ မရှိ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကလည်း မြို့တွင်းကနေ မြို့အပြင်ဘက် ကို လက်နက်ကြီးတွေနဲ့ တမင်ပစ်ခတ်နေတာကြောင့် မြို့ပတ်ဝန်းကျင်က ကျေးရွာနေသူတွေဟာ ထိတ်လန့် နေရတယ်ဆိုပါတယ်။

ကန့်ဘလူမြို့နယ်မှာလည်း လယ်လှကျေးရွာရှိ ပျူစောထီးစစ်ဆေးရေးဂိတ်စခန်းကို အောက်တိုဘာ ၉ ရက် ညနေ ၃ နာရီလောက်က ဒေသကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူ Local PDF အဖွဲ့ဝင်ဦးက ပြောပါတယ်။

ပျူစောထီးဂိတ်စခန်းကို ဇီးပင်သာကျေးရွာအနောက် မူးဘောင်ကနေ ၆၀ မမ လက်နက်ကြီး ၆ လုံးအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက် သေဆုံးမှု ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ကန့်ဘလူ Local PDF အဖွဲ့ဝင်က “ပျူစောထီးတွေရဲ့ စစ်ဆေးရေးဂိတ်ကို မနေ့ညနေက ကျနော်တို့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး ဝင်တိုက်တာ။ ရုတ်တရက် ဝင်တိုက်တာဆိုတော့ တော်တော်အထိနာသွားတယ်။ ပျူတွေ အသေအပျောက်‌ ရှိတယ်ဆိုတာ သိရပေမယ့် ဘယ်နှယောက် သေတယ်ဆိုတာ မသိရသေးတာ။ မဟာမိတ်အဖွဲ့အားလုံး အထိအခိုက် မရှိခဲ့ပါဘူး။” 

အဲဒီတိုက်ခိုက်မှုကို KBU.UG၊ မြေပြင်လှုပ်ရှားညီနောင်များအဖွဲ့ နဲ့ ကန့်ဘလူတောင်ခြမ်းရှိ Local ကာကွယ်ရေးအဖွဲ့တွေပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက သူတို့ကို ထောက်ခံတဲ့ ကျေးရွာတွေရှိ ဒေသခံတွေကို ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့ဝင်အဖြစ် အင်အားစုဆောင်းတာတွေ၊ စစ်သင်တန်းပေးတာတွေနဲ့ လက်နက်တပ်ဆင်ပေးတာတွေ လုပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up