မန္တလေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

မန္တလေး၊ မဟာအောင်မြေမြို့နယ် လမ်း ၈၀၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြားမှာ အောက်တိုဘာ ၁၀ ရက် မနက် ၉ နာရီလောက်က ကျွန်းလုံးဥသျှောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အသက် ၅၆ နှစ်အရွယ် ဦးအောင်ဆန်းဟာ နေအိမ်ကနေ လမ်းလျှောက်လာချိန် အမည်မသိ အမျိုးသား ၃ ယောက်က ကားပေါ်ကနေ သေနတ်နဲ့ ပစ်သွားတာဖြစ်ပြီး နေအိမ်မှာတင် သေဆုံးခဲ့ တယ်လို့ သိရပါတယ်။
ဦးအောင်ဆန်းကို စစ်ကောင်စီက ခြောက်လုံးပြူးသေနတ် ထုတ်ပေးထားတယ်လို့ အုပ်ချုပ်ရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး အနီးဝန်းကျင်မှာ စစ်ဆေးခဲ့ပါတယ်။
ကျွန်းလုံးဥသျှောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဟာ ဘုရားကြီးအရှေ့မုဒ်မှာ သေဆုံးသွားတဲ့ မြတောင်သပိတ်စစ်ကြောင်းက မသူသူဇင်ကို ပစ်ခဲ့တဲ့သူ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။