တရုတ်နိုင်ငံက ပင်လယ်ထဲမှ နောက်ထပ်ဂြိုဟ်တု ၁ စင်း လွှတ်တင်

တရုတ်နိုင်ငံဟာ Long March-11 ဒုံးပျံပေါ်က စမ်းသပ်ဂြိုဟ်တုနှစ်စင်းကို ပင်လယ်ဝါထဲရှိ ဂြိုဟ်တုလွှတ်တင်တဲ့စင်္ကြံကနေ သောကြာနေ့ညမှာ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။
ဒုံးပျံဟာ ပျံသန်းချိန်မှာ အပျက်အစီးတွေ ပြန့်ကျဲသွားနိုင်လို့ မြေပေါ်က အရာဝတ္တုတွေ ပျက်စီးတာ၊ ဒါမှမဟုတ် ထိခိုက်သေဆုံးတာတွေ ဖြစ်နိုင်ခြေကို လျှော့ချဖို့၊ များသောအားဖြင့် လူနေနည်းတဲ့ ဒေသတွေမှာ ဆင်းသက်ဖို့ ဂရုတစိုက် ထိန်းချုပ်ရပါတယ်။
ပြီးတော့ ဒီလုပ်ငန်းစဉ်က လောင်စာဆီ ပိုကုန်ကျပေမဲ့ ပင်လယ်ပြင်ကနေ ဂြိုဟ်တုလွှတ်တင်တာက အလားတူ စိုးရိမ်စရာ ကိစ္စတွေ လျော့နည်းကင်းစင်စေပါတယ်။
တရုတ်နိုင်ငံမှာ ဂြိုဟ်တုလွှတ်တင်ရေး ဗဟိုဌာနလေးခုရှိပြီး ကျိုချွမ်၊ ထိုက်ယွမ်၊ ရှီးချန်းနဲ့ ဝမ်ချန်း ဒေသတွေမှာ ရှိတာပေမဲ့ အဲဒီနေရာတွေကို ပြုပြင်ထားလို့ ဒုံးပျံ လွှတ်တင်နိုင်တဲ့ လတ္တီကျုတွေကို ကန့်သတ်ထားပါတယ်။
ပင်လယ်ပြင်ကနေ ဒုံးပျံ လွှတ်တင်တာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက မတူညီတဲ့ ပတ်လမ်းတွေဆီ ဒုံးပျံတွေ လွှတ်တင်ဖို့ အသင့်တော်ဆုံး လတ္တီကျုတွေကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပြီး လောင်စာဆီကုန်ကျစရိတ်ကို အများကြီး သက်သာစေပါတယ်။
ဒီနည်းလမ်းဟာ မြေပြင်ကနေ ဂြိုဟ်တုပစ်လွှတ်တဲ့ သမားရိုးကျနည်းလမ်းနဲ့ နှိုင်းယှဉ်ရင် ပိုဘေးကင်းပြီး ပိုမိုချွေတာရာ ရောက်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားပါတယ်။
ဒုံးပျံဟာလည်း ပိုလေးတဲ့ ဂြိုဟ်တုတွေ ဒါမှမဟုတ် တခုထက်ပိုတဲ့ ဂြိုဟ်တုတွေကို တချိန်တည်းမှာ အာကာသထဲကို လွှတ်တင်နိုင်ပါတယ်။