ဘာလီဗုံးခွဲမှု နှစ် ၂၀ ပြည့် အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဒေသခံတွေဟာ အောက်တိုဘာ ၁၂ ရက်က ကမ္ဘာ့အသေအပျောက်အများဆုံး စစ်သွေးကြွတိုက်ခိုက်မှု တခုဖြစ်တဲ့ ဘာလီဗုံးခွဲမှု နှစ် ၂၀ ပြည့် အထိမ်းအမှတ် အောက်မေ့ဂါရဝပြုခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ငြိမ်းချမ်းရေးဆုတောင်းပွဲနဲ့ ငှက်အကောင် ၂၀ လွှတ်တာလည်း ပါဝင်ပါတယ်။
ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားနဲ့ သြစတြေးလျ နိုင်ငံတဝန်းမှာ ဘာလီဗုံးခွဲမှုကနေ အသက်ရှင် လွတ်မြောက်ခဲ့သူတွေ၊ သေဆုံးသွားသူတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေသူငယ်ချင်းတွေဟာ ဗုံးခွဲတိုက်ခိုက်မှု အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ထားတဲ့နေရာမှာ လွမ်းသူ့ပန်းခွေချ ဆုတောင်းခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးမှာ ဗုံးပေါက်ကွဲတဲ့အချိန်ကို အမှတ်အသားပြုပြီး ၁ မိနစ် ငြိမ်သက်မှာဖြစ်ပြီး အဲဒီနောက် ကားဟွန်းသံတွေ တီးကြမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ ဖြစ်တဲ့ ၂၀၀၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က ဘာလီကျွန်းရဲ့ ကူတာ အပန်းဖြေကမ်းခြေဧရိယာရှိ ဆာရီကလပ် အပြင်ဘက်မှာ ကားဗုံးပေါက်ကွဲမှုနဲ့ လမ်းတဖက်ရှိ ပက်ဒီစ်ဘားမှာလည်း တပြိုင်နက်နီးပါး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် သြစတြေးလျ နိုင်ငံသား ၈၈ ယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃၈ ယောက်အပြင် တခြားလူမျိုး အယောက် ၂၀ အပါအဝင် စုစုပေါင်း လူ ၂၀၂ ယောက် သေဆုံးခဲ့တာပါ။
ဒီဖောက်ခွဲမှု ၂ ခုအတွက် အယ်လ်ကိုင်းဒါးနဲ့ ဆက်နွှယ်နေတဲ့ ဂျမား အစ္စလာမ်မီယား (JI) အဖွဲ့အပေါ် အပြစ်တင်ခဲ့ပြီး ဗုံးခွဲမှုအပြီး အနှစ် ၂၀ ကြာလာတာတောင် တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေက အသက်ရှင်ကျန်ရစ်သူတွေကို ခြောက်လှန့်နေဆဲ ဖြစ်ပါတယ်။