close

ချင်းမိုင်ရှိ ရဲတပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်ကို မူးယစ်ဆေးသုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးမည်

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်ရှိ ရဲစခန်းပေါင်း ၃၈ ခုက ရဲအရာရှိအရာခံ ဝန်ထမ်းပေါင်း ၃,၅၀၀ ကျော်ကို မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ၊ မရှိ ရှာဖွေစစ်ဆေးသွားမယ်လို့ ခရိုင်ရဲမှူးကြီးက အောက်တိုဘာ ၁၂ ရက်နေ့ အစည်းအဝေးမှာ ပြောပါတယ်။

နောင်ဘိုလမ်းဖူးခရိုင် မူကြိုကျောင်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ပြည်သူတွေကြားထဲ ဝင်ရောက်တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် လုပ်သားပြည်သူတွေ ယုံကြည်စိတ်ချစေဖို့ရော၊ အစိုးရက မူးယစ်ဆေးဝါးစစ်ဆင်ရေးနဲ့ လက်နက်ကိုင်ဆောင်သူတွေကို ပြန်လည်စစ်ဆေးဖို့ ညွှန်ကြားချက်အရပါ ထိုင်းရဲတပ်ဖွဲ့ရဲ့ မူးယစ်ကင်းစင်သော အဖြူရောင်ရဲတပ်ဖွဲ့ စီမံချက်အရ ရဲတပ်ဖွဲ့ဝင်တိုင်း မူးယစ်ဆေးနဲ့ ပတ်သက်ခြင်း ရှိ၊ မရှိ စစ်ဆေးမှာဖြစ်တယ်လို့ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ထဝပ်ချိုင်း ဖုန်းဝိဝပ်ထနချိုင်းက မနေ့က ပြုလုပ်တဲ့ လပတ်အစည်းအဝေးမှာ ပြောပါတယ်။

ချင်းမိုင်ခရိုင်တွင်းရှိ ရဲစခန်းပေါင်း ၃၈ ခုက စခန်းမှူးအပါအဝင် အရာရှိ အရာခံ တပ်ဖွဲ့ဝင်တွေ အားလုံး စုစုပေါင်း ၃,၅၀၀ ကျော် တပတ်အတွင်း အပြီးစစ်ဆေးရမှာဖြစ်ကြောင်း၊ စစ်ဆေးလို့ မူးယစ်ဆေး သုံးစွဲထားတာတွေ့ရင် ဆေးဖြတ်စခန်းကို ပို့ဆောင်ပြီး ဝန်ထမ်းကျင့်ဝတ်ဥပဒေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်တာ၊ ရောင်းဝယ်သူတွေနဲ့ ပတ်သက်တာတွေ ရှိရင်လည်း ပြတ်ပြတ်သားသား အရေးယူ အပြစ်ပေးခံရမယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။

မနေ့ကလည်း အစည်းအဝေးခန်းထဲမဝင်ခင် ရဲတပ်ဖွဲ့ဝင်အားလုံး အရင်ဆုံး ဆီးစစ်ရကြောင်း၊ ခရမ်းရောင်ပေါ်တဲ့သူ မရှိတာကြောင့် အစည်းအဝေးတက်သူအားလုံး မူးယစ်ဆေး ကင်းစင်တယ်လို့ cm 108 ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Ref- CM108 ၊ Photo- Khaosod

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up