close

တနင်္သာရီတိုင်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ ၊ ရေးမြို့တွင် ပေါက်ကွဲမှုဖြစ်

တနင်္သာရီတိုင်း၊ မြိတ်ကနေ ထားဝယ်ဘက်ကို တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၁၂ ရက်မှာ နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ King Cobra (တောကြီးမြွေဟောက်အဖွဲ့) က ကြေညာပါတယ်။

အောက်တိုဘာ ၁၂ ရက် မနက် ၇ နာရီခွဲက မြိတ်ကနေ ထားဝယ်ကိုတက်လာတဲ့ ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို ပုလောမြို့နယ် တပိုကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီကားတစီး ပျက်စီးသွားပြီး သေဆုံး ထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ဘုတ်တောင်အနီးနေ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “မနက်က ပုလောက ချလွှတ်လိုက်တာ စစ်ကားတစီး အပိုင်းပိုင်းပြတ်သွားတယ်လို့ ကြားတယ်။ အခု ဘုတ်တောင်မှာ နောက်တဖွဲ့ တပ်ချနေတယ်။” လို့ ပြောပါတယ်။

မနေ့ည‌နေ ၅ နာရီခွဲကျော်ကလည်း အဲဒီစစ်ကောင်စီယာဉ်တန်းကို သရက်ချောင်းမြို့နယ် ဘုတ်တောင်မှာ ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ People's Defence Force - Federal Column က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ခြင်းမရှိဘဲ ကားကို အရှိန်ပြင်းစွာ မောင်းနှင် ထွက်ပြေးသွားပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရကာ အတိအကျတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းနောက်ကနေ ကပ်ပါလာတဲ့ ကုန်တင်ကားကြီးကို မှားယွင်းပစ်ခတ်ခဲ့ပေမဲ့ ယာဉ်မောင်းနဲ့ လိုက်ပါလာသူ ၂ ယောက်တော့ တစုံတရာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြိတ်-ထားဝယ် ကားလမ်းတလျှောက်မှာ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ ရှိပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဝါချောင်းကျေးရွာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KDDF)၊ T4 ဇုန်က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၂ ရက် မနက် ၅ နာရီခွဲလောက်က ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်-၁ တပ်ရင်းနဲ့ ဘုတ်ပြင်းမြို့နယ် ပကဖတို့ ပူးပေါင်းကာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄၅ မိနစ်လောက် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးကာ ၂ ယောက် ထိုခိုက်ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့ပေါ်မှာလည်း ဒီကနေ့ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ ပေါက်ကွဲသံ ၂ ချက်လောက် ကြားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မြို့ခံတယောက်က “ပေါက်ကွဲမှုက စစ်တပ်ဘက်ခြမ်းလို့ ပြောတယ်။ စစ်တပ်က တပ်မ ၁၉ နဲ့ ခလရ ၆၁ တပ်ရင်းနှစ်ခုရှိတယ်။ PDF တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အခု စစ်တပ်၊ ရဲတွေက မြို့တွင်း အဝင်အထွက်တွေကို ပိတ်ဆို့စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

အဆိုပါ တပ်မနဲ့ စစ်တပ်ဂိတ် ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှု ရှိမရှိ လတ်တလော မသိရှိရသေးပါဘူး။

မြို့ခံတယောက်ကလည်း “အသံက ၂ ချက်၊ ပေါက်ကွဲသံက ကျယ်လောင်တော့ မနက်ပိုင်း လူတွေသွားလာနေတဲ့အချိန်တောင် ဒီလောက်ကျယ်တယ်ဆိုတော့ ညဘက်ဆို ဒီထက်မက ကျယ်မယ်။ အခုလို ပေါက်ကွဲသံကြားရတော့ စိတ်ကတုန်လှုပ်ပြီး စိုးရိမ်ရသလို လူတွေ ထိလား၊ ဘယ်မှာ ပေါက်ကွဲသလဲဆိုတာ အခု မသိရသေးပါဘူး” လို့ ပြောပါတယ်။

အခုလို စစ်တပ် ပစ်ခတ်တိုက်ခိုက်ခံရတာကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up