ရုပ်ကြွင်းလောင်စာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမည့် ကမ္ဘာ့ဘဏ်ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြ

ရာသီဥတုပြောင်းလဲမှုအရေး တက်ကြွလှုပ်ရှားသူတွေဟာ ရုပ်ကြွင်းလောင်စာဆိုင်ရာ စီမံကိန်းတွေနဲ့ မူဝါဒတွေမှာ ရင်းနှီးမြှုပ်နှံမယ့် ကမ္ဘာ့ဘဏ်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ အောက်တိုဘာ ၁၂ ရက်က ဝါရှင်တန်ဒီစီမှာ စက်ဘီးစီးပြီး ရာသီဥတုတရားမျှတရေး ကြွေးကြော်ခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှ ဆန္ဒပြသူ ရိုဒိုလ်ဖို လာဟွိုင်းက ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ် အနည်းငယ်က ဖိလစ်ပိုင်မှာ ကြုံလာရတဲ့ နောက်ဆုံး စူပါတိုင်ဖွန်းမုန်တိုင်းလိုမျိုး ပြည်သူတွေကို ထိခိုက်စေမယ့် အလားတူ အကျပ်အတည်းတွေဆီ တွန်းပို့လိမ့်မယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှ ဆန္ဒပြသူ မာ့ခ် မိုရမ်နို ပါစကွလ် ကလည်း အခု ရုပ်ကြွင်းလောင်စာအတွက် ဒေါ်လာ ၁၅ ဘီလီယံကျော် ထောက်ပံ့နေတာကို တွေ့မြင်နေရပြီး ငွေကြေးတွေက သွယ်ဝိုက်စီးဆင်းလာတာဖြစ်ကြောင်းနဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကနေတဆင့် အတင်းအကျပ် လုပ်ဆောင်နေတာလို့ ပြောပါတယ်။
GLASGOW လှုပ်ရှားမှုအဖွဲ့ရဲ့ ဒါရိုက်တာ အန်ဒရူး နာဇ်ဒင်က “ကမ္ဘာ့ဘဏ်ဟာ ရုပ်ကြွင်းလောင်စာတွေကနေ ရုန်းထွက်ပြီး ကျနော်တို့ကို ရှေ့ကိုပိုရောက်စေမယ့် စွမ်းအင်အမျိုးအစားတွေကို ဖြေရှင်းပေးဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။
၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်ဟာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံနီးပါးရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဖြစ်တဲ့ Big Shift Global အမည်ရှိ NGO ညွန့်ပေါင်းအဖွဲ့ကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။