ပဋိပက္ခဖြစ်နေသည့် အနောက်ဘက်ကမ်းဒေသတွင် ပါလက်စတိုင်းရာချီ ဆန္ဒပြ

ဒီသီတင်းပတ်အတွင်း ပစ်ခတ်မှုမှာ စစ်သား ၂ ယောက် သေဆုံးပြီးနောက် အစ္စရေး လုံခြုံရေးတပ်တွေက နှိမ်နင်းခဲ့တဲ့နောက်ပိုင်း အနောက်ဘက်ကမ်းဒေသမှာ ဆိုင်တွေ ပိတ်ထားရပြီး ရာနဲ့ချီတဲ့ ပါလက်စတိုင်းတွေဟာ အဓိကဒုက္ခသည်စခန်းတခုကို သွားရာလမ်းက စစ်ဆေးရေးဂိတ်တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတလျှောက်က မြို့အများအပြားမှာ ပဋိပက္ခတွေဖြစ်ခဲ့ပြီး အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နာဘလက်စ်မြို့ဆီ သွားရာလမ်းတွေကို ပိတ်ပစ်ခဲ့ပါတယ်။
ဒီမြို့ဟာ အခုနှစ်အတွင်း ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ လတွေချီပြီး ကြာခဲ့တဲ့ ပဋိပက္ခတွေရဲ့ ဗဟိုချက်ပါ။
အခုသီတင်းပတ် အစောပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဂျေရုဆလင်မြို့မြောက်ပိုင်းမှာရှိတဲ့ ရွှာဖတ် ဒုက္ခသည်စခန်းထဲအဝင် စစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတုန်း ပစ်သတ်ခံရတဲ့ အသက် ၁၈ နှစ်အရွယ် စစ်သားတယောက်ကို သတ်ဖြတ်တဲ့ လူသတ်သမားကို စတင်ရှာဖွေခဲ့ပါတယ်။
အခုအခါ လူပေါင်း ၆၀,၀၀၀ လောက်နေတဲ့ ရွှာဖတ်စခန်းထဲမှာ လမ်းတွေ အိမ်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ပိုက်စိတ်တိုက် ရှာနေပါတယ်။ မော်တော်ယာဉ် စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်နေလို့ လမ်းတွေကို ရက်ပေါင်းများစွာ ပိတ်ဆို့ထားပါတယ်။