နေတိုးဌာနချုပ်ရှေ့တွင် ယူကရိန်းပြည်သူများ ဆန္ဒပြ

ယူကရိန်းအတွက် ပံ့ပိုးကူညီရေး နေတိုးမဟာမိတ်အဖွဲ့က ကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေးနေချိန်မှာ ယူကရိန်းဆန္ဒပြသူ ရာပေါင်းများစွာဟာ အောက်တိုဘာ ၁၃ ရက်က နေတိုးဌာနချုပ်ရှေ့မှာ စုဝေးခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ တနင်္လာနေ့ကတည်းက ယူကရိန်းမြို့ အများအပြားကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်ဖို့အတွက် လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ ခဲယမ်းမီးကျောက်တွေကို တောင်းဆို ကြွေးကြော်ခဲ့ကြပါတယ်။
ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေမှာ ရုရှားကျူးကျော်မှုကို ရှုတ်ချထားပြီး ယူကရိန်းတပ်တွေကို လက်နက်တပ်ဆင်ပေးဖို့ နေတိုးမဟာမိတ်တွေကို တောင်းဆိုပါတယ်။
ဆန္ဒပြသူတွေဟာ စစ်ပွဲကို အနိုင်တိုက်ပြီး ပူတင်ကို ထောင်ထဲထည့်ပြီးတော့ စစ်ပွဲကို အပြီးသတ်ဖို့လည်း တောင်းဆိုကြပါတယ်။
ဆန္ဒပြသူ အသက် ၅၈ နှစ်အရွယ် ဘဏ္ဍာရေးမန်နေဂျာ နာတာလီယာ ဟော့ခ်က ပူတင်အနေနဲ့ ယူကရိန်းမှာရှိတဲ့ ရုရှားစစ်တပ်ကို ရုပ်သိမ်းစေချင်တယ်လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ်ဆိုတာ နယ်မြေတွေကို သိမ်းပိုက်ရမယ့်အချိန် မဟုတ်ကြောင်း၊ ရုရှားနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်စရာ အများကြီးရှိနေမှာဖြစ်ကြောင်းနဲ့ ယူကရိန်းနိုင်ငံကို လက်လွှတ်လိုက်ပြီးတော့ ကိုယ့်နိုင်ငံကိုယ်သာ အာရုံစိုက်ဖို့လည်း သူက ပြောသွားပါတယ်။