close

ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင်တဲများကို စစ်တပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တဲတွေကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် ကျားပစ်ကန်ရွာ အနောက်ဘက်က ရှားတောထဲမှာရှိတဲ့ စစ်ဘေးရှောင် တဲတွေကို မနေ့ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ဘေးရှောင် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့တွေက ကျနော်တို့ရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားလို့ တောထဲမှာ တဲလေးတွေထိုးပြီး လာရှောင်နေတာကို စစ်ကြောင်းထိုးလာတယ်လို့ သတင်းကြားတော့ ဘေးလွတ်ရာကို နောက်ထပ် ထွက်ပြေးလာတာဖြစ်ပြီး တဲဘယ်နှလုံး မီးရှို့ခံရတယ်ဆိုတာတော့ မသိရသေးဘူး။”

အဲဒီတောထဲမှာ စစ်ရှောင်တဲအရေအတွက် ၂၀ ကျော်လောက်ရှိပြီး စစ်ကောင်စီစစ်ကြောင်း ရှိနေသေးတဲ့အတွက် ဒေသခံတွေ ပြန်မသွားရဲသေးဘဲ ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာ ၅ ရွာလောက်က ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အဝတ်တထည် ကိုယ်တခုနဲ့ ထွက်​ပြေးလာရတဲ့အတွက် စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေပြီး ပေါက်တောင်ပိုင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေကနေတဆင့် ဆက်သွယ်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

ပေါက်မြို့နယ် ကျားပစ်ကန်ရွာကို ဇူလိုင် ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပြီး ကလေးငယ်တယောက်သေဆုံးကာ ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၈ ရက် မနက် ၈ နာရီလောက်မှာလည်း စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီး အင်အား ၇၀ လောက်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၆၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီနေ့အချိန်ထိ ကျေးရွာပေါင်း ၃၀ ကျော်လောက်က အိမ်ခြေ ၂,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံပြည်သူ ၃၀,၀၀၀ ကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၅,၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈,၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up