close

အခြေခံပညာရေးသပိတ် ဗဟိုကော်မတီဝင် ဆရာမ ဒေါ်သက်ဆုလှိုင်ကို ထောင်ဒဏ် ၃ နှစ် ထပ်ချ

အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဆရာမ ဒေါ်သက်ဆုလှိုင်ကို အောင်မြေသာစံမြို့နယ် စစ်ကောင်စီ တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် မျက်ကွယ် အမိန့် ထပ်မံချမှတ်လိုက်ပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုကာ တရားရုံးမှာ ရုံးမထုတ်ဘဲ မျက်ကွယ်အမိန့်ချခဲ့တာဖြစ်ပြီး ဘယ်နေ့က အမိန့်ချခဲ့တယ်ဆို မိသားစုဝင်တွေ အတိအကျမသိရဘူးလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) က သတင်းထုတ်ပါတယ်။

ဩဂုတ် ၁၇ ရက်ကလည်း ဆရာမ ဒေါ်သက်ဆုလှိုင်ကို ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၅ နှစ် မျက်ကွယ်အမိန့်ချခဲ့ပါသေးတယ်။

ဆရာမဒေါ်သက်ဆုလှိုင်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ညပိုင်းက မန္တလေးမြို့ရှိ နေအိမ်တခုမှာ BEGSC ဗဟိုကော်မတီဝင် ဆရာနောင်ထက်အောင်၊ ဆရာနိုင်းသီဟကျော်နဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MUSU) က ကိုရန်စိုးပိုင်တို့နဲ့အတူ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဆရာနိုင်းသီဟကျော်ကိုလည်း ဩဂုတ် ၁၇ ရက်က ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၅ နှစ်နဲ့ ဩဂုတ် ၁၁ ရက်က ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် ၃ နှစ်  မျက်ကွယ် အမိန့်ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MUSU) အဖွဲ့ဝင် ကိုရန်စိုးပိုင်ကိုလည်း မဟာအောင်မြေတရားရုံးက တရားလိုစစ်ဆေးတာတွေ စွဲချက်တင်တာတွေမလုပ်ဘဲ ပုဒ်မ ၅၀၅(က) နဲ့ မျက်ကွယ် ထောင်ဒဏ် ၃ နှစ် အမိန့် ချမှတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up