ပင်နယ်တီ ၂ ကြိမ်မရခဲ့သည့်အပေါ် ဒိုင်တွေကို မှတ်ချက်မပေးလိုဟု တန်ဟတ်ဂ်ပြော

နယူးကာဆယ်အသင်းနဲ့ သရေကျသွားတဲ့ပွဲစဉ်မှာ ပင်နယ်တီနှစ်ကြိမ် မရရှိခဲ့တဲ့အပေါ် ဒိုင်တွေကို မှတ်ချက်မပေးလိုကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
စီရော်နယ်ဒိုနဲ့ ဆန်ချိုတို့ဟာ ပင်နယ်တီဧရိယာအတွင်းမှာ တဖက်အသင်းရဲ့ ကျူးလွန်ခံခဲ့ရပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ငြင်ဆန်ခဲ့တာပါ။
ပွဲအပြီးမှာတော့ အဆိုပါ ပင်နယ်တီရရှိနိုင်တဲ့ အခွင့်အရေးနှစ်ကြိမ်နဲ့ ပတ်သက်ပြီး အားလုံးမြင်နေတဲ့ကိစ္စဖြစ်လို့ သီးသန့်မှတ်ချက်မပေးချင်သလို ဒိုင်လူကြီးတွေကိုလည်း မဝေဖန်ချင်ကြောင်း အဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုဟာလည်း ဂိုးသမားနစ်ပုတ် ပြစ်ဒဏ်ဘောမကန်ခင်မှာ ဘောလုံးရယူပြီး ဂိုးသွင်းခဲ့ပေမယ့် ဒိုင်လူကြီးက ပယ်ဖျက်ခဲ့ပြီး အဝါကတ်ပြသပြီး သတိပေးခဲ့ပါတယ်။
မန်ယူအသင်းဟာ နယူးကာဆယ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ အဆုံးသတ် မသေချာခဲ့တာကြောင့် သရေရလဒ်နဲ့သာကျေနပ်ခဲ့ရပါတယ်။