သင်ခန်းစာပေးခဲ့သည့် ဂွာဒီယိုလာနှင့် မန်စီးတီးကို ကျေးဇူးတင်ကြောင်း မန်ယူနည်းပြပြော

မန်ချက်စတာဒါဘီပွဲစဉ်မှာ သင်ခန်းစာတွေပေးခဲ့တဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ အသင်းကို ကျေးဇူးတင်ကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ မန်စီးတီးကို ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပေမဲ့ သင်ယူလေ့လာစရာတွေ အများကြီးရှိခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က သုံးသပ်ခဲ့တာပါ။
လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ပိုကောင်းတဲ့အသင်းဆိုတာ လက်ခံရမှာဖြစ်ပြီး စွမ်းဆောင်ရည်အရကတော့ လက်ခံနိုင်စရာ မဟုတ်ခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
“အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေကို အနိုင်ယူခဲ့တဲ့ပွဲစဉ်တွေကနေ ယုံကြည်မှုတွေ အများကြီး ရယူနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ မန်စီးတီးနဲ့ပွဲစဉ်ကို လေ့လာ သုံးသပ်သွားဖို့ လိုပါတယ်။ ကျနော်တို့က တည်ဆောက်နေဆဲအသင်းဖြစ်ပြီး သင်ခန်းစာတွေ ပေးသွားတဲ့ ပတ်ပ်နဲ့ စီးတီးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ သင်ခန်းစာယူရမှာဖြစ်ပြီး ဒါကို နားလည်ဖို့လိုပါတယ်” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဒီကနေ့ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ နောက်ခံလူတွေဖြစ်ကြတဲ့ မက်ဂွဲယား၊ ဗာရန်း၊ ဝမ်ဘစ်ဆာကာတို့နဲ့အတူ ကွင်းလယ်လူ ဗန်ဒီဘိခ်လည်း လွဲချော်မယ်လို့ နည်းပြတန်ဟတ်ဂ်က အတည်ပြုသွားပါတယ်။