close

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို PDF က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး စစ်သား ၇ ယောက်သေဆုံးခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

သရက်ကန်ကျေးရွာကို အောက်တိုဘာ ၁၅ ရက် ည ၉ နာရီဝန်းကျင်က Black Cheetah၊ Hero NGZ Peoples Defense တို့နဲ့ ပူးပေါင်းပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ စာသင်ကျောင်းထဲကျရောက်ပြီး စစ်သားနှစ်ယောက် သေဆုံးခဲ့တယ်လို့ Myaing Warriors အဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

"ကျနော်တို့မှာက လက်နက်အင်အားက auto gun ဘာညာ မပြည့်စုံတာကြောင့် အဝေးကနေပဲ လက်နက်ကြီးနဲ့ပဲ သွားပြီးပစ်ရတာဗျ။ စာသင်ကျောင်းထဲကို လက်နက်ကြီးကျပြီး စစ်သားနှစ်ယောက် သေတယ်လို့ သတင်းရထားပါတယ်။”

အောက်တိုဘာ ၁၆ ရက်မှာလည်း သရက်ကန်ကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ငါးယောက် သေဆုံးခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ထုတ်ပြန်ထားပါတယ်။

မြိုင်မြို့နယ် သရက်ကန်ကျေးရွာအတွင်းက စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ၊ ၁၀၀ မမ ၊ ၁၂၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up