close

ခင်ဦးမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေမှာ အောက်တိုဘာ ၁၇ ရက် မနက်ခင်းပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီမနက်  ၉ နာရီလောက်က ခင်ဦးမြို့နယ်ဘက်ကို  စစ်ကောင်စီတပ် ရိက္ခာလာပို့တဲ့ကားကို မိုင်းဆွဲရာကနေ အခုလို တိုက်ပွဲဖြစ်တာလို့ ခင်ဦးဒေသခံ PDF အဖွဲ့ဝင် တယောက်ကပြောပါတယ်။ 

“ဒီကောင်တွေ ရေဦးမြို့ကနေ ခင်ဦးမြို့နယ်ဘက်ကို မိုးကာအုပ် စစ်ကားကြီးတစီးနဲ့  မူးတိမ်ချောင်း တံတားစောင့် စစ်(-)တွေဆီ လက်နက်နဲ့ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်တာကို ရွာသစ်ကုန်းရွာက ပျူတွေနဲ့ မူးတိမ်ချောင်းတံတားစောင့်တွေ လုံခြုံရေးယူပေးလာတာကို ပြည်သူ ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်က အထိအခိုက် များနိုင်လောက်တယ်ဗျ။”

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်တွေဘက်က ရမ်းသန်းပစ်ခတ်လို့ သရက်ပင်စု ကျေးရွာနေ အသက် ၅၀ကျော် အမျိုးသမီးတယောက် လက်နက်ငယ် ကျည်ထိမှန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာသူ မရှိဘူးလို့ဆိုပါတယ်။ 

စစ်ကောင်စီက ခင်ဦးမြို့နယ်ကို ထိန်းချုပ်နိုင်ဖို့ရာ ခင်ဦး-ရေဦးလမ်း၊ ခင်ဦး-ရွှေဘို လမ်းပိုင်းကို တပ်စခန်းချ စစ်ဆေးရေးတွေလုပ်နေပေမဲ့  လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ  ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကသာ နယ်မြေစိုမိုးနေနိုင်ဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ်မှာလည်း အလယ်တောရွာကို စစ်ကောင်စီတပ်က ဒီနေ့မနက်ခင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံနေအိမ် ၂ လုံး မီးလောင်သွားပါတယ်။

ဒေသခံရွာသားတဦးက “မနေ့က ၂ နာရီကနေ တိုက်ပွဲက ဖြစ်နေကြတာဗျ။ ပြည်သူတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ ဒီနေ့မနက်လည်း အလယ်တောရွာကို လက်နက်ကြီးနဲ့ ပစ်ဝင်လာတယ်။ အဲလိုပစ်လို့ ‌လက်နက်ကြီးကျည် အိမ်ပေါ်ကျပြီး လူနေအိမ် နှစ်လုံး မီးလောင်သွားတယ်။ တိုက်ပွဲဖြစ်လို့ နှစ်ဖက်အကျဆုံးအတိကျတော့ မသိရသေးဘူးဗျ။ ကိုယ်တွေတောင် အသက်လုပြေးနေရတယ်”လို့ ပြောပါတယ်။

အလယ်တောရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲက ပြီးဆုံးခြင်းမရှိသေးဘဲ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေဆဲပဲလို့ ဒေသခံတွေထံက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up