ရေစကြိုမြို့နယ် တောင်ဦးကျေးရွာ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့၊ နေအိမ် ၁၆ လုံးဆုံးရှုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၇ ရက် နေ့ခင်းပိုင်းမှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“အိမ်က လုံးလုံးလောင်ပြီး ပျက်စီးတာ ၁၀ အိမ်၊ မီးစွဲတာက ၆ အိမ်၊ စုစုပေါင်း ၁၆ အိမ်ပါ။ ကျနော်တို့ ရှင်းလင်းရေးဝင်တော့ တွေ့ရတာ အိမ်ကောင်းတွေကိုပဲ ရှို့သွားတာ။ ရှို့ခံရတဲ့အိမ်က မိသားစုတွေကတေ့ မြင်ရတာ စိတ်ကိုမကောင်းဘူး။”
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက တောင်ဦးရွာအနီးမှာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်သား ၆ ယောက် သေဆုံးခဲ့ကာ နောက်စစ်သားတွေက တောင်ဦးကျေးရွာကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
နေအိမ်မီးလောင်ပျက်စီးသွားတဲ့ ရွာသားတွေအတွက် ငွေကြေးကူညီထောက်ပံ့မှုတွေ လိုအပ်နေပြီး အခုအချိန်မှာ မြို့နယ်နဲ့ ရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ်ကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။