close

စားအုံးဆီဈေးနှုန်း မြင့်တက်

မြန်မာနိုင်ငံကို ငွေမည်းခဝါချမှု့နဲ့ပတ်သက်ပြီး FATF (Financial Action Task Force) က black List သွင်းပြီးတဲ့နောက် ၂၄ နာရီ မပြည့်ခင်မှာပဲ စားအုံးဆီဈေးနှုန်းတွေ ကျပ် ၆ ထောင်ကနေ ၈ ထောင်လောက်အထိ မြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

၂၀၂၀ ဖေဖော်ဝါရီမှာ FATF က မြန်မာနိုင်ငံဟာ ငွေမည်းခဝါချ ငွေဖြူလုပ်တာတွေနဲ့ ပတ်သက်ပြီး ကျူးလွန်မှုတွေရှိတယ်လို့ဆုံးဖြတ်ပြီး ၂၀၂၁ စက်တင်ဘာအထိ လုပ်ဆောင်ရမယ့် သတ်မှတ်ချက်တွေကို ချမှတ်ပေးခဲ့ကာ ၂၀၂၂ ခုနှစ် ဇွန်လမှာ ထပ်မံပြီး ပြင်းပြင်းထန်ထန်ဖိအားပေး တိုက်တွန်းခဲ့ပေမယ့် သတ်မှတ်ချိန် ၁ နှစ်သက်တမ်းကျော်လာတဲ့ အောက်တိုဘာ ၂၀၂၂ အထိ မြန်မာဘက်က ဘာမှမလုပ်တဲ့အတွက် အခုလို နာမည်ပျက်စာရင်းသွင်းတာလို့ FATF ဘက်က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီသတင်းကြောင့် မြန်မာနိုင်ငံအတွင်းမှာ ငွေကြေးဈေးကွက်တွေမတည်ငြိမ်မှု့တွေဖြစ်ပေါ်ပြီး ပြည်ပကနေတင်သွင်းရတဲ့ စားအုန်းဆီဈေးနှုန်းတွေက ရန်ကုန်မှာ ယခင်က တပိသာကျပ် ၆၀၀၀ ဝန်းကျင်ကနေ ဒီနေ့မနက်ပိုင်းမှာတော့ ကျပ် ၈ ထောင် ဝန်းကျင်လောက်အထိ ခုန်တက်သွားတယ်လို့ ဈေးဝယ်သူတွေက ပြောပါတယ်။

“ဒီနေ့မနက်ဈေးဝယ်တော့ စားအုန်းဆီက ရှစ်သောင်းလောက်အထိ ဖြစ်သွားတယ်။ ဘာကြောင့်လဲမသိပေမယ့် ဝယ်နေကျဈေးထက် အရမ်းတက်သွားတော့ ပုံမှန်ဝယ်နေကျထက် လျော့ပြီးဝယ်လာခဲ့ရတယ်။ ရပ်ကွက်ထဲမှာလည်း ဆီဈေးတက်တာနဲ့ပတ်သက်ပြီး အတော်ပြောနေကြတယ်” လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက စားသုံးဆီရည်ညွှန်းဈေးနှုန်းကို တပိသာ ကျပ် ၄၀၀၀ ကျော်သာသတ်မှတ်ထားပေမယ့် ဒီနေ့မှာ အဲ့ဒီကော်မတီက စားသုံးဆီဈေးနှုန်းတွေနဲ့ပတ်သက်ပြီး ရည်ညွှန်းဈေးနှုန်းတွေ ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။

ဒီလို စားဆီဈေးနှုန်းတွေအပြင် အခြားအခြေခံစားကုန်ဈေးနှုန်းတွေလည်း ထပ်မံမြင့်တက်လာပြီး ဆန်ဈေးကတော့ လက်ရှိအချိန်မှာ တည်ငြိမ်နေသေးတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up