close

“မသောက်မိသော မိုးခါးရေ”ရုပ်ရှင် နယူးယောက်မြို့တွင်ပြသ (ဓာတ်ပုံ)

ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ “မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ The Zukor Theatre မှာ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီကနေ ည ၉ နာရီအထိ ပွဲစဉ် ခြောက်ပွဲ ပြသခဲ့ပါတယ်။ 

Helping Hands for Burma (H2B) နဲ့ Spring Myanmar Society (SMS) ပူးပေါင်းစီစဉ်တဲ့ ပွဲစဉ်တိုင်းလိုလိုမှာ လက်မှတ်တွေရောင်းကုန်တဲ့အထိ ရုံပြည့်ခဲ့ပြီး နောက်ဆုံးပွဲစဉ် ပြသနေချိန်အထိ ရန်ပုံငွေ အမေရိကန် ဒေါ်လာ၂၄၀၀၀ ကျော်ရရှိနေပြီလို့လည်း သိရပါတယ်။

အဆိုပါရုပ်ရှင်ကို နယူးယောက်မြို့နေ မြန်မာပြည်ဖွားတိုင်းရင်းသား ၅၀၀ နီးပါး လာရောက် အားပေးကြည့်ရှုကြသလို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ပါဝင်အားဖြည့်ခဲ့ပါတယ်။ 

ရန်ပုံငွေအထူးအစီအစဉ် အနေနဲ့ ကိုပေါက်​ရဲ့ ဒစ်ဂျစ်တယ် လက်ရေးပန်းချီတွေကို လေလံတင်ရောင်းချပေးတာ၊ မိုးခါးရေ အမှတ်တရ T-Shirts နဲ့ ဆွယ်တာတွေ ရောင်းချပေးတာတွေလည်း ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို မြေပြင်အတွက်အရေးပေါ် လိုအပ်နေတဲ့ နေရာတွေကို ပေးအပ်လှူဒါန်းသွားမှာပါ။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က တောတွင်း တနေရာမှာ iphone 11 ကင်မရာနဲ့  ရိုက်ကူးခဲ့ပြီး CDM စစ်ဗိုလ်တစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို လတ်တလောမှာ ယူကေ၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနဲ့ ထိုင်းစတဲ့ နိုင်ငံတကာမြို့ကြီးတွေမှာ လှည့်လည်ပြသနေတာ ပရိသတ်အားပေးအောင်မြင်မှုတွေ ရရှိနေပါတယ်။

ဒီရုပ်ရှင်ပြပွဲမှာ ဒါရိုက်တာကိုပေါက်က ပြည်သူတွေတွေ အားတင်းထားကြဖို့ အွန်လိုင်းကနေပြောဆိုခဲ့သလို ဒီပွဲမှာ ပါ၀င်အားဖြည့်လာတဲ့ CDM သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း အချိန်ကြာလာတာနဲ့အမျှ ပင်ပန်းလာပေမယ့် အောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့ ပန်းတိုင်ရောက်အောင်သွားပေးကြဖို့ တိုက်တွန်းသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up