အနိုင်ရသင့်သည့်ပွဲ ရှုံးနိမ့်ခဲ့ရသည့်အပေါ် လီဗာပူးနည်းပြ ကလော့ပ်စိတ်ပျက်

နော်တမ်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာ နိုင်ပွဲရယူခဲ့သင့်ပေမယ့် ရှုံးပွဲတွေ့ခဲ့ရတဲ့ပေါ် စိတ်ပျက်စရာဖြစ်ခဲ့ကြောင်း လီဗာပူးနည်းပြကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ တန်းတက်နော်တမ်ဟမ်ကို အဝေးကွင်းမှာတစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ထိပ်ဆုံးကအသင်းတွေနဲ့ အမှတ်ကွာဟချက်ပိုမိုကြီးမားလာခဲ့ပါတယ်။
နည်းပြကလော့ပ်ကတော့ အနိုင်ရသင့်တဲ့ပွဲမှာ အနိုင်မရခဲ့တာလို့ စိတ်ပျက်စကားဆိုခဲ့ပြီး ဒီလိုပွဲမှာရှုံးနိမ့်ခဲ့ရတာကို နားမလည်မိကြောင်း ပွဲအပြီးမှာပြောပါတယ်။
လီဗာပူးအသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီယက်ဇ်၊ ဂျိုတာ၊ မာတစ်၊အယ်ကန်တာရာနဲ့ နူညက်ဇ်တို့ ပါဝင်နိုင်ခြင်း မရှိခဲ့တာကြောင့်လည်း ရလဒ်ကောင်းရယူနိုင်ခြင်းမရှိခဲ့တာပါ။
ပွဲကြီးပွဲကောင်းတွေကို ၆ ပွဲဆက်တိုက် ကစားသမား အကန့်အသတ်နဲ့ယှဉ်ပြိုင်ခဲ့ရတာကိုလည်း နည်းပြကလော့ပ်က ထောက်ပြသွားခဲ့ပြီး အဆုံးထိ တိုက်ပွဲဝင်သွားဖို့သာ ရှိတော့ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။